ဝက်လက်မြို့နယ် ကျီးကန်ကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲဆောင်ရွက်

ဝက်လက် ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ကျီးကန်ကျေးရွာတွင် မိုးစပါးစံကွက် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ရာ ကွင်းအမှတ်-၃၂၇၅၊ ဦးပိုင် အမှတ်-၂၃၇ ရှိတောင်သူ ဦးမြင့်သိန်း၏ ပေါ်ဆန်းရင်စိုက်ဧက(၁၀)ဧကကို စမ်းသပ်ရိတ်သိမ်းခဲ့ပြီး တစ်ဧကလျှင်စပါးအစို (၉၈)တင်း ထွက်ရှိကြောင်းသိရသည်။

အဆိုပါစံကွက်ရိတ်သိမ်းရာသို့  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဒေသခံ တောင်သူ(၂၀)ဦး တက်ရောက်ခဲ့ကြသည်။

ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှမိုးကျော်က နောင်နှစ်မိုးစပါးရာသီ တွင်ဆည်ရေရရှိမှုနည်းပါးမည်ဖြစ်၍ ရေကိုစနစ်တကျ ခြွေတာသုံးစွဲဖို့ရန် စိုတစ်လှည့် ခြောက်တစ်လှည့် (AWD)စနစ်ဖြင့် စိုက်ပျိုးရေးနည်းလမ်းများကို ဆွေးနွေးပြောကြားခဲ့ပြီး ဝန်ထမ်းများက ထွက်ရှိလာသော စပါးများအား ဆန်အစိုဓာတ် တိုင်းတာပြသခြင်း၊ ဆန်နီပါဝင်မှုရှိ/မရှိ စစ်ဆေးပေးခြင်းနှင့် တက်ရောက်လာသော တောင်သူများအားလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အိမွန်ထွန်း(ဝက်လက်)