အင်းစိန် ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ ကန့်သတ်စောင့်ကြည့်စင်တာ များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Embassy of Denmark (Myanmar)မှ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီသို့ နှာခေါင်းစည်း(၄၀၀၀၀)ခု လှူဒါန်းခြင်းကို ယနေ့ နံနက်(၈)နာရီ အချိန်က အင်းစိန်(GTI)ကန့်သတ်စောင့်ကြည့်စင်တာ(၁)တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည့်နေရာများ အသုံးပြု နိုင်စေရန်အတွက် Embassy of Denmark(Myanmar)မှ ကိုယ်စား တာဝန်ရှိသူတစ်ဦးက လူကြီးဝတ် အဝတ်နှာခေါင်းစည်း (၂၀၀၀၀)ခုနှင့် ကလေးဝတ် အဝတ် နှာခေါင်းစည်း(၂၀၀၀၀)တို့ကို လှူဒါန်းရာ အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ တာဝန်ရှိ သူများ ဖြစ်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့် မြို့နယ်ရဲမှူး အောင်နိုင်မိုးတို့က လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။
လှူဒါန်းရရှိခဲ့သည် နှာခေါင်းစည်းများကို အင်းစိန်မြို့နယ်အတွင်းရှိ ကန့်သတ်စောင့်ကြည့်စင်တာများနှင့် ရပ်ကွက်ပေါင်း(၂၁)ရပ်ကွက်ရှိ လမ်းများ၊ ကားဂိတ်များနှင့် ဈေးများသို့ တာဝန်ရှိသူများက သွားရောက်၍ အများပြည်သူများ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာရခြင်းနှင့် နေ့စဉ် စားဝတ်နေရေးကြောင့် နေအိမ်ပြင်ပ ထွက်ခွာနေရသူများအား နှာခေါင်းစည်းများကို အခမဲ့ ဝေငှနိုင်ရေးအတွက် Mask Campaign များ ပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)