မုံရွာ ဒီဇင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီးရှိ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲလျက်ရှိသော ကုန်တင်ရေယာဉ်များနှင့် လူစီး အမြန်ရေယာဉ်များအနေဖြင့် မြန်မာ့အာမခံလုပ်ငန်းတွင် ရေကြောင်းအာမခံထားရှိမှု အနည်းငယ်သာ ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်း (စစ်ကိုင်းတိုင်းဒေသကြီးရုံး)မှ ဒုတိယတိုင်းဒေသကြီး တာဝန်ခံ ဦးတင်ထွန်း ၏ ပြောကြား ချက်အရ သိရသည်။
ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ပြင်ပရှိပုဂ္ဂလိက အာမခံလုပ်ငန်းများတွင်သာ အာမခံထားရှိကြခြင်း၊ လုပ်ငန်းငယ်များကိုလုပ်ကိုင်ကြသော ပြည်သူများအနေဖြင့် ကုန်ပစ္စည်းအမျိုးအမည်များသော်လည်း ကုန်ချိန် အနည်းငယ်သာ တင်ဆောင်ဖြစ်ခြင်းကြောင့် ရေကြောင်းအာမခံကို ထားရှိခြင်း လုပ်ဆောင်ခြင်း မရှိကြောင်း သိရ သည်။
“ တစ်ချို့တွေက ပြင်ပအာမခံလုပ်ငန်းတွေမှာသွားပြီး အာမခံထားကြတယ်၊ နောက်တစ်ခုက ချင်းတွင်း မြစ်ကြောင်းမှာ သွားလာကြတဲ့ ရေယာဉ်တွေပေါ်မှာက အများအားဖြင့် ကုန်ပစ္စည်းအမျိုး အမည်များပေမဲ့ ကုန်ချိန်အများကြီးသယ်တာမဟုတ်ဘူး၊ နောက်ပြီးပျက်စီးဆုံးရှုံးမှုကလည်း သိပ်မဖြစ် တော့ ရေကြောင်းအာမခံကို ထားဖို့စိတ်မဝင်စာကြဘူး၊ တစ်ချို့ရေယာဉ်တွေကြတော့ ပြင်ပပုဂ္ဂလိက အာမခံ လုပ်ငန်းတွေနဲ့ ချိတ်ဆက်ထား တာဆိုတော့ ကျွန်တော်တို့ မြန်မာ့အာမခံလုပ်ငန်းအနေနဲ့ ရေယာဉ်တွေ ကုန်ပစ္စည်းကို ရေကြောင်းအာမခံ ထားရှိရေး စည်းရုံးဖို့ခက်ခဲတယ်၊ ပြည်သူတွေအနေ နဲ့ကလည်း ရေကြောင်း အာမခံလုပ်ငန်းကို စိတ်ဝင်စားမှု နည်းနေသေးတယ်၊ အခုအခြေအနေကတော့ စည်းရုံးနေရတဲ့အဆင့်မှာပဲ ရှိနေတုံးပဲ အများအားဖြင့် ရေကြောင်း အာမခံထားရှိမှု မရှိတာများနေတယ် ” ဟု မြန်မာ့အာမခံလုပ်ငန်း (စစ်ကိုင်းတိုင်းဒေသကြီးရုံး)မှ ဒုတိယ တိုင်းဒေသကြီးတာဝန်ခံ ဦးတင်ထွန်း က ပြောသည်။
ချင်းတွင်းမြစ်ကြောင်းတစ်လျောက် ပြေးဆွဲလျက်ရှိသော လူစီးအမြန်ရေယာဉ်အသင်းများ၊ ကုန်တင် ရေယာဉ်အသင်းများနှင့် ကူတို့ရေယာဉ်အသင်းများစွာ ရှိသည့်အနက် ယခုလက်ရှိအချိန်တွင် မြန်မာ့ အာမခံလုပ်ငန်း (စစ်ကိုင်းတိုင်းဒေသကြီးရုံး)နှင့် ချိတ်ဆက်ပြီး အာမခံထားရှိမှုအနေဖြင့် လူစီးအမြန် ရေယာဉ်အသင်း(၆)သင်းနှင့် ကူတို့ကူးရေယာဉ်အသင်း(၁)သင်းသာ အာမခံထားရှိခြင်း ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)