လက်ပံတန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ပြည်လည်ရွေးချယ်နိုင်ရေး ရပ်ကွက်ရွေးချယ် ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်း

လက်ပံတန်း ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ပြည်လည် ရွေးချယ်နိုင်ရေး ရပ်ကွက်ရွေးချယ် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းလျက်ရှိရာ ဘီးလင်းတန်းရပ်ကွက် အတွက် ရပ်ကွက် ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ယမန်နေ့က အဆိုပါ ရပ်ကွက်ရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မောင်ဝင်းနှင့် အဖွဲ့ဝင်များက စည်ပင်သာယာရေးကော်မတီ ရွေးချယ်ဆောင်ရွက်ရန် ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းစန်းက စည်ပင် ကော်မတီဝင်လောင်း လျှောက်လွှာများကို မြို့နယ်ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ထံသို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း တင်သွင်း လျှောက်ထားရန်နှင့် လိုက်နာရမည့် စည်းကမ်းချက်များ၊ ကော်မတီဝင် လောင်းများ အမည်စာရင်းကို ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးမည်ဖြစ်ပြီး ရွေးကောက်ပွဲနေ့ကို မတ်လ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ သည်။

ဆက်လက်၍ ဘီးလင်းတန်းရပ်ကွက်မှ စည်ပင်သာယာရေးကော်မတီ ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ကို တက်ရောက်လာသူများ၏ ဆန္ဒ သဘော ထားများ ရယူ၍ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး