ပွင့်ဖြူ ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေး ဆိုင်ရာ ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများအကြောင်း ချပြရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် က ယခုလာမည့် နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး အတွက် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ ဒုတိယ အကြိမ် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် သိရှိလိုက်နာရမည့် လုပ်ထုံး လုပ်နည်းနှင့် ဥပဒေ ၊ နည်းဥပဒေများ ၊ အုပ်ချုပ်ရေးမှူးတစ်ဦးတွင် ရှိသင့်ရှိထိုက်သော အရည်အချင်းများနှင့် တာဝန်ယူ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို Power Point ဖြင့် ကဏ္ဍအလိုက် ချပြရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာနမှ အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒုတိယအကြိမ် ပြင်ဆင်ထားသည့် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ ဥပဒေများနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး ပြင်ဆင်ထားသည့် ဥပဒေများအား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် အလေးထား လိုက်နာဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ရဲဝင်းနိုင် ( ညောင်ဦး )