ဘားအံ ဒီဇင်ဘာ ၅
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နိုင်ငံတော်၏ အရေးကြီးသော အရင်းအမြစ်ဖြစ်သည့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲစွာကျင့်သုံးတတ်စေရန် ရည်ရွယ်၍ KG ကျောင်းသား၊ ကျောင်းသူများအား ပဉ္စမအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ဒီဇင်ဘာလ ၃ ရက်နေ့က ဘားအံမြို့နယ်အတွင်းရှိ ကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မိုးအေး၊ ပညာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်းနှင့် ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များက KGကျောင်းသား၊ ကျောင်းသူများအတွက် အာဟာရချက်ပြုတ်နေမှုနှင့် အာဟာရကျွေးမွေးခြင်းတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျွေးမွေးခဲ့ပြီး ကျောင်းတွင်းအာဟာရကို စနစ်တကျကျွေးမွေးအကောင်အထည်ဖော်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများတွင် အစားအသောက် အလေ့အထကောင်းများကို ဖြစ်ထွန်းစေရုံသာမက ကျန်းမာရေးအတွက် များစွာအထောက်အကူ ဖြစ်စေကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှသိရသည်။
ခရိုင်(ပြန်/ဆက်)