သင်္ဃန်းကျွန်းမြို့နယ်တွင် ကျိုက္ကစံဆံတော်ရှင်စေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန် ငြမ်းဆင်ခြင်းမင်္ဂလာ၊ ပရိတ်တရားတော်နာယူခြင်းနှင့် အသံမစဲမဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ

သင်္ဃန်းကျွန်း ဒီဇင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဆံတော်ရှင်စေတီတွင် စေတီတော်ဂေါပကအဖွဲ့ကကြီးမှုး၍ သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီနှင့် အရံစေတီ (၁၈) ဆူတို့အား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန် ငြမ်းတပ်ဆင်ခြင်း မင်္ဂလာ၊ ပရိတ်တရားတော်နာယူခြင်းနှင့် အသံမစဲမဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားအား မြန်မာသက္ကရာဇ် ၁၃၈၇ ခု နတ်တော်လပြည့် (စာဆိုတော်နေ့) ၂၀၂၅ ခုနှစ် ယမန်နေ့ နံနက် (၆) နာရီအချိန်က စေတီတော်ရင်ပြင် မင်္ဂလာမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မင်္ဂလာအခမ်းအနားတွင် သင်္ဃန်းကျွန်းမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ စွန်းလွန်းဂူဝိပဿနာကျောင်းဆရာတော် ဘဒ္ဒန္တတဉာဏောဘာသာလင်္ကာရကဦးဆောင်ကာ ဆရာတော်၊ သံဃာတော်တို့က စေတီတော်အထက်ပစ္စယာတွင် ပရိတ်တရားတော်အား အရပ်မျက်နှာတို့တွင် စုပေါင်းရွတ်ဖတ်ပြီး သံဃာတော်များနှင့် တာဝန်ရှိသူတို့က ငြမ်းဆင်ခြင်းအထိမ်းအမှတ်မင်္ဂလာငြမ်းဝါးအား ပရိတ်ရေ၊ အောင်သပြေခတ်တို့ပက်ဖျန်းကာ ကပ်လှူပူဇော်ခဲ့ကြသည်။

ထို့နောက် စေတီတော်ရင်ပြင် ဗဟိုမင်္ဂလာမဏ္ဍပ်တွင် ဆရာတော်သံဃာတော်များနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး၊ စေတီတော်အလှည့်ကျဂေါပကအဖွဲ့ ဦးခင်မောင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဂေါပကရုံးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပဌာန်းအကျဥ်းအား စုပေါင်းရွတ်ဖတ်ခဲ့ကြပြီး သံဃာတော်များက ပဌာန်းကျမ်းအကျယ်အား အလှည့်ကျရွတ်ဖတ်ခြင်း စတင်ခဲ့သည်။ ဆရာတော်သံဃာတော်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ဇော်မိုး