ရန်ကုန် ဒီဇင်ဘာ ၃၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၂၄) ရက်နေ့တွင် နှစ်(၃၀) ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါ သည်။ နှစ်(၃၀)ပြည့် အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲကို “ပြည်သူ့အတွက် ဒို့ပြန်/ဆက်” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး၊ ဌာနမှ ခေတ်အဆက်ဆက် တိုင်းကျိုးပြည်ပြု ဆောင်ရွက်ခဲ့မှုများ၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများနှင့် ပြုပြင် ပြောင်းလဲ တိုးတက်မှုများ၊ ဌာနရှိ ပြည်သူ့စာကြည့်တိုက်များတွင် စာကြည့်တိုက်ဝန်ဆောင်မှုမှ လူထုအခြေပြုဗဟိုဌာန (Community Centre) သို့ အဆင့်မြှင့်တင်၍ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ကျေးလက်နေ ပြည်သူများ အသိပညာ ဗဟုသုတ ရရှိရေးအတွက် ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ ဌာနက ဆောင်ရွက်ပေးလျက်ရှိသော ပြည်သူ့ဝန်ဆောင်မှုနှင့် အသိပညာ၊ ဗဟုသုတ မျှဝေပေးမှုများနှင့် ပတ်သက်၍ ပြည်သူများ စိတ်ပါဝင်စား နှစ်သက်ကျေနပ်စွာ လေ့လာ ဆောင်ရွက်မှုများကို အခြေခံ၍ ဖော်ညွှန်း ရိုက်ကူးထားသည့် ရောင်စုံဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန် ပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီက ပြိုင်ပွဲဝင်များအား အသိပေး နှိုးဆော်ခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ ပြိုင်ပွဲဝင်ရောင်စုံဓာတ်ပုံများအား ဓာတ်ပုံပညာရှင်များက စိစစ်အကဲဖြတ် ရွေးချယ်မှုများကို ယနေ့ နေ့လယ် ၁ နာရီက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။ ထိုသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ နှစ်(၃၀)ပြည့် အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်ဦးရေ (၁၁၂) ဦးတို့က ပြိုင်ပွဲဝင် ဓာတ်ပုံပေါင်း (၃၀၉)ပုံကို ဓာတ်ပုံပညာရှင်များက ပြိုင်ပွဲဝင် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အကဲဖြတ် စိစစ်ရွေးချယ်ခဲ့ကြရာ ပထမဆု တစ်ဆု ကျပ်တစ်သိန်းငါးသောင်း၊ ဒုတိယဆုတစ်ဆု ကျပ်တစ်သိန်း၊ တတိယဆုတစ်ဆု ကျပ်ခုနှစ်သောင်းငါးထောင်၊ အထူးဆုငါးဆု တစ်ဆု လျှင် ကျပ်သုံးသောင်းကျပ်စီတို့ကို အသီးသီးရွေးချယ်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)