ဝန်းသို ဒီဇင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် မန်ကျည်းကုန်း-တေဇကျေးရွာတွင် မိရိုး ဖလာတောင်သူ လယ်ယာစိုက်ပျိုးခြင်းနှင့်အတူ မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေ ဖြင့် လုပ်ကိုင်ဆောင်ရွက်ရာတွင် ပို၍အဆင်ပြေလုပ်ကိုင်လာနိုင်ကြောင်း သိရသည်။
“ကျမကတော့ မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေနဲ့ သစ္စာပန်းမျိုးစိုက်ပျိုးထားပါတယ်၊ သစ္စာပန်း မျိုးတစ်တင်းကို တစ်သိန်းကျပ်ပေးရပြီးတော့ ပန်းမျိုးဉအလုံးရေ ၉၀၀၀၊ ၁၀၀၀၀ပါတယ်၊ အခုလက်ရှိဈေး ပန်း တစ်ခက်ကို ၅၀နဲ့ဆိုရင် လေးသိန်းကျော် ငါးသိန်းထိဝင်ပါတယ်၊ အဲ့တော့ မြေဆီကျွေးခ၊ ပေါင်းရှင်းက တွေကို နှတ်လိုက်ရင် သုံးသိန်း လောက်ကိုယ့်အတွက်ကျန်ပါတယ်၊ ကျမတို့ကျေးရွာ မြစိမ်းရောင်စီမံကိန်းမရှိခင်က ဆိုရင် အပြင်မှာမြေဆီတစ်အိတ်ကို တစ်လ ၁၀၀၀ ကျပ်နှုန်း အတိုးပေးပီး ဝယ်ရတယ်၊ ကိုယ့်အတွက်အမြတ် ရတဲ့ငွေကို အတိုးနှုန်းထဲပေးနေရတော့ အဆင်မပြေဘူး၊ အခု မြစိမ်းရောင်စီမံကိန်းက ရရှိတဲ့ချေးငွေကိုယူပြီး လက်ငင်းငွေချေစနစ် ဝယ်အသုံးပြုရတော့ ကျမတို့အတွက် အမြတ်ငွေတိုးပွားရရှိတာပေါ့ “ဟု သစ္စာပန်း စိုက်တောင်သူ မနန်းယုဝေက ပြောသည်။
မန်ကျည်းကုန်း-တေဇကျေးရွာသည် ဒေါင်းမြူးချောင်းကမ်းနဘေးတွင် တည်ရှိပြီး ရာသီပေါ် သီနှံများ ဖြစ်သည့် မုံလာ၊ ပန်းမုံလာ၊ မုန့်ညှင်း၊ ငရုတ်၊ ပြောင်း၊ မြေပဲစသည့်သီးနှံများကို စီမံကိန်း ချေးငွေဖြင့် အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့်အပြင် စီမံကိန်းမှရရှိသည့် အတိုးရငွေဖြင့် ကျေးရွာ လျှပ်စစ်မီးသစ်သားတိုင်များကို ကွန်ကရစ်တိုင်များဖြင့် အစားထိုးလဲလှယ် တပ်ဆင်ခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဦးစီးမှု ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)