ပွင့်ဖြူ ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဌာနခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာတွင် ဒေသခံပြည်သူများ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လယ်မြေဧက ၈၀၀ ကျော် အကျိုးပြုနိုင်မည့် ကျေးလက်ကုန်ထုတ်လမ်းသစ်အား တင်ဒါအောင်မြင်သော Real Land ကုမ္ပဏီမှ ယခုလ ၂၅ ရက်နေ့က စတင်ဖောက်လုပ်လျက်ရှိရာ လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်ကံဆွယ်ကျေးရွာရှိ ဒေသခံတောင်သူများ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း အဆင်ပြေစွာ ဆောင်ရွက် လုပ်ကိုင်နိုင်ရန်နှင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးလက်ကုန်ထုတ်လမ်းမှာ အရှည်ပေ ၅၂၈၀ ပေ ရှိပြီး လမ်းအကျယ် ၁၂ ပေ ၊ ထု ၉ လက်မ ကျောက်ရောမြေတင်၍ မြေနီကျောက်စရစ်ဖြန့်ခင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရကာ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဌာနခွင့်ပြုရန်ပုံငွေကျပ် ၂၈ ဒသမ ၅ သန်းဖြင့် တင်ဒါအောင်မြင်သော Real Land ကုမ္ပဏီအား တာဝန်ယူလုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာ များမှ ဒေသခံ တောင်သူများ၏ လယ်မြေဧက ၈၀၀ ကျော်အတွက် သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို (နွေ ၊ မိုး ၊ ဆောင်း ) အဆင်ပြေစွာ သွားလာ စိုက်ပျိုးလုပ်ကိုင်နိုင်မည့်အပြင် ဒေသထွက်ကုန်သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်မီတင်ပို့ ရောင်းချ သွားနိုင်မည်ဖြစ်ရာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် များစွာအကျိုးရှိစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)