သရက်မြို့နယ်၊ စမ်းအိုင့်နှင့် ပိဿလိမ်းကျေးရွာများရှိ ရေဘေးရှောင်အိမ်ထောင်စုများအား ရိက္ခာဖိုးထောက်ပံ့ငွေများပေးအပ်

သရက် ဩဂုတ် ၅

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် ရေဘေးရှောင် အိမ်ထောင်စု(၄၁)စုအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်(၂)နာရီက စမ်းအိုင့်ကျေးရွာဓမ္မာရုံနှင့် ပိဿလိမ်း ကျေးရွာ စာသင်ကျောင်းတို့တွင်သွားရောက် ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် လူတစ်ဦးလျှင် တစ်ပတ်စာဆန်ဖိုး (၂၁၀၀/-)နှုန်းဖြင့် စမ်းအိုင့်ကျေးရွာ၊ အိမ်ထောင်စု(၅)စုမှ လူဦးရေ(၂၃)ဦးအတွက် (၄၈၃၀၀/-)ကျပ်နှင့် ပိဿလိမ်းကျေးရွာ၊ အိမ်ထောင်စု(၃၆)စုမှ လူဦးရေ(၁၅၅) ဦးအတွက် (၃၂၅၅၀၀/-) ကျပ် တို့ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးယုမော်၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြထွေးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာခြည်ဝင်းတို့က ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ လက်ခံရယူခဲ့သည်။

သရက်မြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာမှ ရေဘေးရှောင်အိမ်ထောင်စု (၄၁)စုအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေစုစုပေါင်း ကျပ် (၃၇၃၈၀၀/-) ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)