သထုံ ဒီဇင်ဘာ ၁၀
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ စီစဉ်ဖွင့်လှစ်သည့် ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ၄/၂၀၂၅ကို ယနေ့နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဒေါ်ချိုချိုလွင်က ကြက်ခြေနီသူနာပြု တပ်ဖွဲ့ပေါ်ပေါက်လာသည့် သမိုင်းကြောင်းနှင့် လူမှုရေးစိတ်ဓာတ်ထက်သန်သည့် နိုးကြားတက်ကြွသော မျိုးဆက်သစ်လူငယ်များ ပေါ်ပေါက်လာစေရန်၊ ရှေးဦးပြုစုခြင်း ပညာရပ်ဖြင့် စနစ်တကျပြုစုစောင့်ရှောက်တတ်စေရန်နှင့် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်စေရန်စသည့် ရည်ရွယ် ချက်တို့ဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက်သင်တန်းကို ဆက်လက်ပို့ချရာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးနှင့် နည်းပြတို့က ရှေးဦးပြုစုခြင်းဆိုင်ရာ အတတ်ပညာရပ်များကို စာတွေ့လက်တွေ့သင်ကြား ပို့ချပေးခဲ့ကြသည်။
အဆိုပါသင်တန်းသို့ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး တက်ရောက်ခဲ့ကြပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ နည်းပြတို့က သုံးရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြာင်း သိရသည်။
ခရိုင်(ပြန်/ဆက်)