ပေါင် ဒီဇင်ဘာ ၁၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဘိုးဘွားရိပ်သာ တည်ဆောက်နိုင်ရေး မြေနေရာလှူဒါန်းခြင်းကို ယနေ့ညနေပိုင်းက ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပေါင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင် ကပေါင်မြို့အတွင်းသာမက ရှိခိုကိုးရာမဲ့နေသည့် သက်ကြီးရွယ်အိုများအနေဖြင့် နားခိုရာ နေရာတစ်ခုရရှိစေရန်ရည်ရွယ်၍ ဘိုးဘွားရိပ်သာကို တည်ဆောက်သွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့မိမြို့ဖ ဦးဘုန်းမြင့်က ဘိုးဘွားရိပ်သာ ဆောက်လုပ်ရာတွင် ကြုံတွေ့ရမည့်အခက်အခဲများ ရင်ဆိုင်ရမည့်ပြဿနာများကို မြို့သူ မြို့သားများအပါအဝင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးနှင့်ကော်မတီဝင်များက အင်တိုက်အားတိုက်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
တစ်ဆက်တည်းမှာပင် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးအောင်မင်းနိုင်က ဘိုးဘွားရိပ်သာ တစ်ခုတည်ဆောက်ပါက ဘိုးဘွားများ၏ ဝေယဝစ္စများကို ပြုလုပ်နိုင်ရန်အတွက် စေတနာ့ ဝန်ထမ်းများအပြင် အမြဲတမ်းဝန်ထမ်းများကိုလည်း ခန့်အပ်နိုင်ရန်ယခုကတည်းက စီစဉ်ဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း ဆွေးနွေးသည်။ ဘိုးဘွားမြေနေရာကို ဦးကျော်မြင့်နှင့် ဒေါ်ပြုံးမိသားစုမှ နတ်ကြီးချောင်ကျေးရွာတွင် ပေ (၂၀၀) ပတ်လည် အားစာချုပ်နှင့်အတူ လှူဒါန်းသွားခဲ့သည်။ ဘိုးဘွားရိပ်သာဆောက်လုပ်ပြီးပါက သထုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးကလည်း ဌာနအနေဖြင့်ဘိုးဘွားများအတွက် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)