သဲကုန်း ဒီဇင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ရှိ ကျောင်းသား/ကျောင်းသူများအနေဖြင့် လူကုန်ကူးမှုနှင့်ပတ်သက်သောအကြောင်းအရာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁ နာရီအချိန်က လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို အ.မ.က(မြင်းနီ)၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက လူကုန်ကူးမှုနှင့်လူမှောင်ခိုအဓိပ္ပါယ်၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးသူများ၏လူစုဆောင်းသည့်နည်းလမ်းများ၊ သတိပြုရမည့်သူများ၊ လူကုန်ကူးခံရပါကခံစားရမည့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူကုန်ကူးမှုကျူးလွန်ပါကချမှတ်ခံရမည့် ပြစ်မှု/ပြစ်ဒဏ်များ၊ ဥပဒေများစသည့် အကြောင်းအရာများကို ကျောင်းသား/ကျောင်းသူများအား အကျယ်တဝင့်အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
ကိုကျော်(သဲကုန်း)