သထုံ ဒီဇင်ဘာ ၁၀
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ ရွာဦးကျောင်းပြင်ပပညာရေး အခြေစိုက်စခန်း (သမီးတော်ကုန်း)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဦးစွာသထုံခရိုင်လူမှုဝန်ထမ်းရုံးမှဝန်ထမ်းများက ကလေးသူငယ်၏ အသက်အရွယ် အပိုင်းအခြားနှင့်အခွင့်အရေးများ၊ ကလေးများအပေါ် အကြမ်းဖက်မှု ပုံစံအမျိုးမျိုးနှင့်သတိပြုရမည့်အချက်များ၊ ဥပဒေအရအကာအကွယ်ပေးထားမှုများတို့ကို ဆွေးနွေးပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသူ၊ ကျောင်းသားများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဟောပြော ဆွေးနွေးသည်။
ယင်းနောက် ရွာဦးကျောင်းပြင်ပပညာရေး အခြေစိုက်စခန်းမှ မူလတန်းနှင့်အလယ်တန်း ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသည့် စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုကာ စာဖတ်စွမ်းရည် ယှဉ်ပြိုင်ခြင်း၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ် သမားပပျောက်ရေးစသည့် အသိပညာပေး နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)