သထုံ ဒီဇင်ဘာ ၁၀
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့၊ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ဦးစွာ မြို့နယ်စာရေးဆရာများအသင်းဥက္ကဋ္ဌ စာရေးသူရွှေထုံခင်သီတာလှိုင်က စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်၊ လူထုအခြေပြုဗဟိုဌာန၌ လစဉ်စာဖတ်ဝိုင်းများပြုလုပ်နေမှု အခြေအနေနှင့် စာပေရေးရာများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် မြို့နယ်စာရေးဆရာများအသင်း အဖွဲ့ဝင်များ၊ မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များက စာရေးသူလူထုစိန်ဝင်း၏ "မျှော်လင့်ချက်မဲ့အခြေအနေဆိုတာမရှိဘူး" စာအုပ်ကို အခန်းအလိုက်ဖတ်ရှုပြီး မှတ်သားဖွယ်ရာများ၊ ၎င်းတို့ နှစ်သက်ရာများကို အပြန်အလှန်သုံးသပ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ သထုံမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာများအသင်းမှ စာပေပညာရှင်များ၊ ဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)