စစ်တွေ ဒီဇင်ဘာ ၁၀
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၈ ရက်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် စစ်တွေမြို့၊ စစ်တွေလေဆိပ်သို့ အလိုတော်ပြည့်ကျောင်းရှေ့မှ ဝင်ရောက်သည့်လမ်းအား မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးက စစ်တွေမြို့၊ မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ တင်ပြရာ ပြည်နယ်သယံဇာတ ရေးရာဝန်ကြီးက ဖြည့်စွက်အကြံပြုရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းအတိုင်း ပြည့်မီအောင်ဆောင်ရွက်ရေး၊ သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးနိုင်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျဖြင့် ဆောင်ရွက်သွားကြရန်မှာကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ စစ်တွေလေဆိပ်သို့ အလိုတော်ပြည့်ကျောင်းရှေ့မှ ဝင်ရောက်သည့် လမ်းအား မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အနောက်စံပြရပ်ကွက်၊ အမှတ်(၁)၊ စီမံကိန်းရုံးဘေးလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြီး ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးက ဖြည့်စွက် ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ အချိန်မီပြီးစီးနိုင်ရေး စေတနာထားဆောင်ရွက်သွားကြရန်မှာကြားပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေး (၁/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီနာယက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း၊ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်နေကြပြီလည်းဖြစ်ကြောင်းနှင့် အခမ်းအနားကို သိုက်သိုက်ဝန်းဝန်းဖြင့် အေးချမ်းစွာကျင်းပနိုင်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းကာမလိုလားအပ်သော ဖြစ်စဉ်များဖြစ်ပွားမှုမရှိစေရေးအတွက် စနစ်တကျဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားရေးမှူး ဦးကျော်သူက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပခဲ့မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီ အတွင်းရေးမှူးများက အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ် အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရာလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်များသည် စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တို့မှ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ဆရာများနှင့်အတူ ဒီဇင်ဘာလ ၇ ရက်နေ့ ညနေပိုင်းက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသော (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် တက္ကသိုလ်ပေါင်းစုံ ဂီတပဒေသာကပွဲသို့ တက်ရောက် ကြည့်ရှုအားပေးကြသည်။
တက္ကသိုလ်ပေါင်းစုံ ဂီတပဒေသာကပွဲတွင် တက္ကသိုလ်အနုပညာအသင်းများက ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေကြပြီး စစ်တွေတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။ အလားတူ Integrated One Music Band မှ ကျောင်းသား၊ ကျောင်းသူများကလည်း တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးကြရာ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ထို့နောက် တက္ကသိုလ်ပေါင်းစုံ ဂီတပဒေသာကပွဲကို ဆရာ၊ ဆရာမများ၊ ယိမ်းအကအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများက စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်ဖြင့် စုပေါင်းသီဆိုကပြဖျော်ဖြေပြီး ရုပ်သိမ်းခဲ့ကြောင်း သတင်းရသည်။
တင်ထွန်း (ပြန်/ဆက်)