ချောင်းဆုံ ဒီဇင်ဘာ ၁၀
မွန်ပြည်နယ်အစိုးရအဖွဲ့၏စီစဉ်မှုဖြင့်ကျင်းပသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်က ချောင်းဆုံမြို့နယ် (ကွမ်သဲ) အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ဋ္ဌေးမြင့်အေး၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်တို့က ပွဲတော်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းသား/သူများ၏ ပုံပြော၊ ကဗျာရွတ်ဆို၊ ကျပန်းစကားပြော၊ စကားရည်လု၊ ဆေးရောင်ခြယ်၊ ဌာနဆိုင်ရာပြခန်း (၄)ခု၏ ခင်းကျင်းပြသထားမှု၊ စာအုပ်အရောင်းဆိုင်များ၌ ကျောင်းသား/သူများ ပျော်ရွှင်စွာ စာအုပ်စာပေဝယ်ယူလေ့လာဖတ်ရှုနေမှုများ၊ ကာယဉာဏပြိုင်ပွဲများအား လှည့်လည်ကြည့်ရှု အားပေးကြပြီး ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူများသို့ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ Fitness Exercise ဖျော်ဖြေကြသည့် ကျောင်း (၅) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူတစ်ဖွဲ့ချင်းစီကို ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပွဲတော်လာရောက်ကြသည့် ကျောင်းသား/သူများအား ခေါက်ဆွဲကြော်၊ မုန့်အာဟာရနှင့် ရေသန့်များကို ဝေငှပေးခဲ့ကြသည်။
အဆိုပါကျောင်းခန်းမ၌ ဒုတိယပိုင်းအခမ်းအနား ဆက်လက်ကျင်းပရာ ကွမ်သဲ(အ.ထ.က) ကျောင်းသား/သူများက “ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ပြည်နယ် အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် (၅) ကြိမ် ကျင်းပသွားမည်ဖြစ်ပြီး ယခုကျင်းပသည့် ပွဲတော်သည် စတုတ္ထအကြိမ်ဖြစ်ကြောင်း၊ နိုင်ငံ၏ နောင်အနာဂတ်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ကျောင်းသားလူငယ်များကို စာအုပ် စာပေမှာ နှစ်သက်မွေ့လျော်ပြီး စာဖတ်သည့်ဓလေ့၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝပြီး အနာဂတ်မှာတိုင်းပြည်အတွက် ဦးဆောင်ဦးရွက် ပြုနိုင်သူတွေဖြစ်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ဗလငါးတန်ပြည့်စုံပြီး ဘက်စုံထူးချွန်ထက်မြက်သည့် ကျောင်းသား/သူများဖြစ်လာအောင် ကြိုးစားဆောင်ရွက်ကြပါ။ ကျောင်းစာကိုလည်း ကြိုးကြိုးစားစားလေ့လာသင်ယူကြပါ။ အသိပညာဗဟုသုတရမည့်စာပေများကိုလေ့လာဖတ်ရှုကြ၍ နိုင်ငံ၊ ပြည်နယ်၊ မြို့နယ်အတွက် လူတော်လူကောင်းများ ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေးအတွက် ကျပ်သိန်း (၇၀)အား ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးသို့လည်းကောင်း၊ အခြေခံပညာကျောင်း များအတွက် သုတ/ရသစာအုပ်များအား ပြည်နယ်ပညာရေးမှူးသို့လည်းကောင်း၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် မုန့်နှင့်အချိုရည်များအား မြို့နယ်ပညာရေးမှူးသို့လည်းကောင်း၊ ကွမ်သဲ(အ.ထ.က)ကျောင်း ဘင်ခရာနှင့် ပန်းပွာအက အဖွဲ့သို့ ဂုဏ်ပြုငွေကျပ် သိန်း(၂၀)တို့အား အသီးသီးပေးအပ်လှူဒါန်းသည်။
ထို့နောက် ကွမ်သဲ(အ.ထ.က)ကျောင်းမှ Grade-4 ကျောင်းသား မောင်ထစ်ချုန်းမိုးက အမျိုးသားအကဖြင့် ဖျော်ဖြေတင်ဆက်ခြင်းနှင့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆိုကရေးတီးပြိုင်ပွဲ ငွေတံဆိပ်ဆုရရွာလွတ် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းမှ Grade-9 ကျောင်းသူ မစိုးပြည့်ပြည့်စံက “ရွာသာယာ”သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ချောင်းဆုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက အလှူရှင်များကိုယ်စား စတုဒီသာကျွေးမွေးရန်အတွက် အလှူငွေများ ပေးအပ်ခဲ့ရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ စီးပွားရေးရာဝန်ကြီးနှင့် ကွမ်သဲ(အ.ထ.က)ကျောင်း ကျောင်းအုပ် ဆရာမကြီးတို့က အလှူရှင်အသီးသီးမှလှူဒါန်းသည့် အလှူငွေ၊ စာရေးကိရိယာနှင့်စာအုပ်၊ စာစောင်များအားလက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကွမ်လမိုင်း-တောင် (အမက)ကျောင်းက မိပါချန်းက ပြိုင်ပွဲဝင်ပုံပြင်ဖြင့် သရုပ်ပြ တင်ဆက်ခြင်း၊ ကွမ်ရိုက် (အ.ထ.က)ကျောင်းမှ ကျောင်းသူများက “မွန်ရိုးရာဆယ့်နှစ်ထွေ” အကဖြင့် ဖျော်ဖြေတင်ဆက်နှင့် ကွမ်သဲ(အ.ထ.က)ကျောင်းမှ Grade-12 ကျောင်းသား၊ ကျောင်းသူများက “မြန်မာပြည်မှာ စာပဒေသာဝေဆာစေ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ကြရာ လူမှုရေးရာဝန်ကြီးက ပွဲတော်တွင်ပါဝင် ကပြဖျော်ဖြေခဲ့သည့် ကျောင်းများမှ အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။
ယခုပွဲတော်သို့ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်း (၁၁၁)ကျောင်းများမှ ကျောင်းသား/သူ (၂၀၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)