ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်တွေ    ဒီဇင်ဘာ  ၁၀

မဲပေးခြင်းသည် နိုင်ငံသားများက အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ဖော်ဆောင်နိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ လူစည်ကားရာနေရာများတွင် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်း စာစောင်များအား ပြည်သူများသို့ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီး မြောက်ဘက်မုဒ်ဦး၊ မေယုလမ်း၌ ခရီးသွားပြည်သူများ၊ ခရီးသည်ယာဉ်များအား “ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြစို့”၊ ဒီမိုကရေစီပန်းတိုင်ဆီ မဲပေးခြင်းဖြင့်ဒို့လှမ်းချီ”၊  “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့”၊ “တိုင်းပြည်သာယာဝပြေရေး နိုင်ငံသားတိုင်း မဲပေးပေး”၊ လှမ်းစို့ကူညီမဲရုံဆီ ဒီမိုကရေစီဖော်ဆောင်မည်” စသည့် စတစ်ကာများကို ယာဉ်များတွင် ကပ်နှံပေးခြင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့်အတူ “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များအား  ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဦးဥတ္တမပန်းခြံရှေ့၊ လမ်းမကြီး၊ မြို့မဈေးနှင့် မြို့လယ်ချောင်း တံတားအနီးတို့တွင် ပြည်သူများသို့ “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင် များအား  ဖြန့်ဝေပေးခြင်း မော်တော်ယာဉ်များ၊  မော်တော်ဆိုင်ကယ်များတွင် စတစ်ကာများ ကပ်နှံပေးကြသည်။

အလားတူ ကျောက်ဖြူမြို့နယ်တွင်းလည်း ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်းနှင့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များတွင် အသိပညာပေး စတေကာ ကပ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ဦးဥတ္တမပန်းခြံသန့်ရှင်း သာယာလှပရေးဆောင်ရွက်နေမှု၊ ဦးဥတ္တမခန်းမအဆင့်မြင့်တင်ရေး လုပ်ငန်းများဆောင်ရွက် ပြီးစီးနေမှုတို့ကို လှည့်လည်ရှုကြည့်စစ်ဆေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ရုံးများတည်ဆောက်ပြုပြင်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသော (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်(၃/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်နေ့အခမ်း အနားကို စည်ကားသိုက်မြိုက်စွာ အနှစ်သာရရှိရှိအောင်မြင်အောင်ကျင်းပနိုင်ရေးအတွက် ကော်မတီက လုပ်ဆောင်နေမှုများကိုဆွေးနွေးတင်ပြပေးကြစေလိုကြောင်းနှင့် ပြည်နယ်နေ့အခမ်းအနားသို့ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ တက်ရောက်မည်ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများက လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ထားကြရန်နှင့် ဦးစီးကော်မတီက ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကဏ္ဍများကိုလည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅) ဆုံးဖြတ်ချက်များအပေါ် ‌ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို လုပ်ငန်းကော်မတီအတွင်းရေးမှူးများက ဆွေးနွေးတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး