လိပ်သိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

လိပ်သို ဒီဇင်ဘာ ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်း ရင်းနှီးစေရန်အတွက် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသော “ချွေးနဲ့သွေးနဲ့ရေးခဲ့” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လည် ၁၁ နာရီက မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ အင်အား (ပြ) နော်ဖလောရင်းဟန်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာအုပ်စာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် မိမိ၏ကိုယ်ရည်ကိုယ်သွေးကို တိုးတက်ပြောင်းလဲအောင် ပြုပြင်ပြောင်းလဲစေနိုင်ကြောင်း၊ စာပေများကိုလေ့လာဖတ်ရှုခြင်းဖြင့် ရင်ကျက်ပြည့်ဝတဲ့သူ ဖြစ်စေကြောင်း၊ ဘဝတွင်ခြေလှမ်းရဲရဲလှမ်းနိုင်ဖို့အတွက် တစ်နည်းတစ်ဖုံအားဖြင့် တွန်းအားပေး နိုင်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။  

ထို့နောက် ကျောင်းသား/ကျောင်းသူလူငယ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Grade-10 ကျောင်းသူ နော်ဆုဝတီထိုက်က “အချိန်သည်ဘဝ ဘဝသည်အချိန်” ခေါင်းစဉ်အောက်မှ “အချိန်သည်အရေးကြီးကြောင်း အလေ့အကျင့်ကို ပျိုးထောင်၍ လေ့ကျင့်သင်ကြားခဲ့သည်မှာ စာသင်ကျောင်းပင်ဖြစ်ကြောင်း၊ ပညာပဲရှာရှာ၊ ကုသိုလ်တရား ဘာဝနာပဲရှာရှာ အချိန်ကို စနစ်တကျတန်ဖိုးရှိအောင် လက်တွေ့အလုပ်ကို ဝီရိယဖြင့် ကြိုးစားအားထုတ်၍ ကိုယ်တိုင်အလုပ်လုပ်မှသာ ကောင်းကျိုး အမှန်တကယ်ရနိုင်မှာဖြစ်ကြောင်း၊ အချိန်သည် တိုတိုရှည်ရှည် မည်သည့် အပိုင်းခြားပင်ဖြစ်စေ အရေးကြီးပေကြောင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “ချွေးနဲ့သွေးနဲ့ရေးခဲ့” စာအုပ်အား ဖတ်ရှုခြင်းဖြင့် ကျောင်းသား/ကျောင်းသူလူငယ်များအ‌နေဖြင့် ကြီးကြီးငယ်ငယ် ဘယ်အလုပ်မျိုးမဆို အလုပ်ဟူသမျှ အချိန်မှီ ပြီးစီးခြင်းရှိမှသာ အောင်မြင်ပြီးမြောက်ခြင်း လက္ခဏာဂုဏ်ရည် ပြည့်စုံမှာဖြစ်ကြောင်း သိရသည်။

နော်စိုးစိုးငယ်