မုံရွာ ဒီဇင်ဘာ ၃၁
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြန်မာ့အာမခံလုပ်ငန်းမှ ဝန်ဆောင်မှုပေး လုပ်ဆောင် လျက်ရှိသော အသက်အာမခံ၊ မီးအာမခံ၊ သူတပါးထိခိုက်မှုအာမခံ၊ ရေကြောင်း အာမခံနှင့် ခရီးသွား အာမခံတို့မှ ဝင်ငွေအဖြစ် ငွေကျပ်(၈၃၉.၉၁၇)သန်းအထိ ကောက်ခံရရှိခဲ့ကြောင်း မြန်မာ့အာမခံလုပ်ငန်း (စစ်ကိုင်းတိုင်းဒေသကြီး)ရုံးမှ သိရသည်။
“ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်မှာက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေတဲ့ကာလ ဖြစ်တာကြောင့် ရုံးတွေက ပိတ်ထား ရတာများတဲ့အတွက် အာမခံလုပ်ငန်းမှာ လာပြီးထိခိုက်တယ်၊ အခြားရုံးတွေနဲ့ ချိတ်ဆက် လုပ်ဆောင်ရတဲ့ သူတပါးထိခိုက်မှုအာမခံ၊ ရေကြောင်းအာမခံနဲ့ ခရီးသွားအာမခံ လုပ်ငန်းတွေက ဝင်ငွေရရှိမှုတွေ နည်းခဲ့ပါတယ်”ဟု မြန်မာ့အာမခံလုပ်ငန်း (စစ်ကိုင်းတိုင်းဒေသကြီး)မှ ဒုတိယ တိုင်းဒေသကြီး တာဝန်ခံ ဦးတင်ထွန်းက ပြောသည်။
ဝင်ငွေကောက်ခံရရှိမှု အနေဖြင့် မီးအာမခံအဖြစ် ကောက်ခံရရှိငွေ(၃၃၀၈၅၃၄၁၁) ကျပ်၊ အသက်အာမခံကောက်ခံရရှိငွေ (၂၈၈၃၃၅၄၂.၉၄)ကျပ်၊ သူတပါး ထိခိုက်မှုအာမခံအဖြစ် (၄၆၁၆၉၃၈၃၅)ကျပ်၊ ခရီးသွားအာမခံအဖြစ် ကောက်ခံရရှိငွေ (၁၀၃၄၁၁၅၀)ကျပ်၊ ရေကြောင်းအာမခံအဖြစ် ကောက်ခံရရှိငွေ (၈၁၉၅၆၃၂.၃၃) ကျပ် အသီးသီးကောက်ခံရရှိခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)