နတ်မောက် သြဂုတ် ၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဆုံမကျီးပင်အုပ်စု၊ ကြက်သောက်တွင်းကျေးရွာတွင် မြေသား ရေကန်ပြုပြင် တူးဖော်ခြင်း လုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းသူရက ယမန်နေ့ ညနေ(၃)နာရီက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။ “နတ်မောက်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် Cash For Work စီမံကိန်းအရ ကျေးရွာတစ်ရွာလျှင် ထောက်ပံ့ ရန်ပုံငွေကျပ်သိန်း(၁၀၀)စီဖြင့် ကျေးရွာတွင်အမှန်တကယ်လိုအပ်ပြီး ပြည်သူလူထုများကို ကိုယ်တိုင်ပါဝင်လုပ်ဆောင်ကာ ချက်ချင်းလုပ်အားခ ပေးချေမှု စနစ်ဖြစ်သည်။
စီမံကိန်းဖြင့် ကျေးရွာတွင်း ကုန်ထုတ်လမ်းများ၊ မြေသားရေကန်ပြုပြင်ခြင်းနှင့် အခြားကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျေးရွာတွင်း ထိခိုက်လွယ်သော အိမ်ထောင်စုများ၊ ဝင်ငွေနည်း အိမ်ထောင်စုများနှင့် အမျိုးသမီးဦးဆောင်သည့်အိမ်ထောင်စုများမှ ကျေးရွာပြည်သူလူထုကို ရွေးချယ်ပါဝင် အကောင်အထည်ဖော်ဆောင်ရွက်လုပ်ကိုင်စေပြိး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာစီမံကိန်း ကော်မတီသို့ နေ့စဉ်ထုတ်ပေးကာ ကော်မတီမှ ပါဝင်လုပ်ကိုင်သည့် ကျေးရွာပြည်သူလူထုများကို လုပ်အားခပေးခြင်း ဖြစ်ကြောင်းသိရသည်။
နတ်မောက်မြို့နယ်တွင် Cash For Work စီမံကိန်းအရ ကျေးရွာ(၁၂)ရွာအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုတွင်ပြီးစီးမှု ရာခိုင်နှုန်းပျမ်းမျှ (၇၀%) ပြီးစီးပြီဖြစ်ပါတယ်” ဟု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိက ပြောကြားသည်။
လှဝင်း(ပြန်/ဆက်)