ရန်ကုန် ဒီဇင်ဘာ ၃၁
ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများစွာတို့၏ သောက်သုံးရေလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေး နှင့် နွေရာသီကာလ ရေရှားပါးမှုမှ ကင်းဝေးစေရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ် ပိတ်စွယ်ကျေးရွာ အုပ်စု ဘုရားကြီးစုကျေးရွာ၌ လယ်မြေ (၁၉.၈၄) ဧကကို နိုင်ငံတော်အစိုးရမှ ဝယ်ယူပြီး ရေသန့်စင်စက်ရုံ စီမံကိန်းကို ၂၀၂၀ ပြည့်နှစ်မှ စတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရေသန့်စင်စက်ရုံ စီမံကိန်းဧရိယာ၌ မြေနေရာပြုပြင်လုပ်ငန်းအနေဖြင့် ရာနှုန်းပြည့်ပြီးစီးပြီ ၊ အချင်း ၆၃၀ မီလီမီတာ ( ၂၄ လက်မ)ရှိ HDPE Main Transmission ရေသယ်ပိုက်လိုင်းကြီး ဆက်သွယ်ခြင်းလုပ်ငန်းများအနေဖြင့် ၅၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးကြောင်း ရေရရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့ မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အများသုံးရေနှင့် သောက်သုံးရေ ဖြန့်ဝေပေး နိုင်ရေးအတွက် တွံတေးတူးမြောင်းအတွင်းရှိ ရေများကို အဆင့်ဆင့် သန့်စင်ပြီး တစ်နေ့လျှင် ရေဂါလန် (၃.၃)သန်း ဖြန့်ဝေ ပေးနိုင်မည့် နိုင်ငံတကာအဆင့်မှီ ရေသန့်စင် စက်ရုံ စီမံကိန်းကို ဂျပန်နိုင်ငံအစိုးရ အကူအညီ ဂျပန်ယန်း(၄.၁၇၆)ဘီလီယံဖြင့် တည်ဆောက် သွားမည်ဖြစ်ရာ စီမံကိန်းလုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
“ ဒီစီမံကိန်းက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ပြီးစီးဖို့ အတွက် ခန့်မှန်းထားပါတယ်၊ ခုလက်ရှိအချိန်မှာ ဆက်စပ်လုပ်ငန်းအနေနဲ့ ဒလ-တွံတေးကားလမ်းမကြီး တစ်လျှောက်မှာ ရေသယ်ပိုက်လိုင်းကြီးက အချင်း ၆၃၀ မီလီမီတာ (၂၄)လက်မရှိတဲ့ HDPE Main Transmission ပိုက်အမျိုးအစားနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်၊ လမ်းမကြီးတစ်လျှောက် ကနဖော့ရိုးချောင်းနဲ့ အုန်းပင်ချောင်း တံတား နှစ်စင်းကို ဖြတ်ရတဲ့ နေရာမှာ ဘိုးပိုင်တူးဖော်ပြီး Mild Steel(MS) ပိုက်နဲ့ဆက်ပြီးတော့ ဆောင်ရွက်ပါတယ်၊ ရေသယ်ပိုက်လိုင်းကြီးရဲ့ စုစုပေါင်း အရှည်ပေ ၄၁၅၆၉ ကျော်ရှိတယ်၊ အရှည်ပေ ၁၈၀၀၀ ကျော် ပြီးနေပါပြီ၊ ဆက်လက်ပြီးတော့ ဒလမြို့ပေါ်ထိ ဒီနှစ်မှာ ဆောင်ရွက် သွားမှာဖြစ်ပါတယ်၊ ဒီစီမံကိန်းကနေ ရလာတဲ့ ရေကို ကျွန်တော်တို့ ဒလမြို့နယ် ရာဇသင်္ကြန် ရပ်ကွက် ကနောင်လမ်းမကြီးဘေးမှာရှိတဲ့ ဌာနပိုင် မြေနေရာမှာ (Ground Tank) ဆောက်လုပ်ပြီး ရေတွန်းစက်ဖြင့် ထပ်ဆင့် ဖြန့်ဖြူးပေးမှာဖြစ်ပါတယ်၊ ခုချိန်မှာ Soil Test လုပ်ငန်းတွေ ပြီးစီးပါပြီ ” ဟု မြို့နယ်ရေရရှိရေးနှင့်ရေပေးဝေရေး လုပ်ငန်း တာဝန်ခံအဖွဲ့ ဦးစီးအရာရှိ ဦးတိုးတိုးအောင် က ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ၏ ကွပ်ကဲမှု အောက်ရှိ ဒလမြို့နယ်ရေရရှိရေးနှင့် ရေပေးဝေရေးစနစ်၏ ပိုက်လိုင်းကွန်ရက်အတွင်းသို့ ပိုက်လိုင်းစနစ်ဖြင့် သောက်သုံးရေအား ဖြည့်ပေးနိုင်ရန်နှင့် ရေရှားပါးမှုမှ ကင်းဝေးစေရန် ရည်ရွယ်၍ ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်များသို့ ရေသန့်ဘူးများ ဖြင့်လည်းကောင်း၊ ရေကားများဖြင့်လည်းကောင်း၊ သောက်ရေသန့် ဖြန့်ဖြူးနိုင်ရန် ရေသန့်စင်စက်ရုံ တည်ဆောက်ခြင်း စီမံကိန်းကို Japan Internation Cooperation System(JICS) နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ ရေသန့်စင်စက်ရုံကို တွံတေးတူးမြောင်း ရေမိုင်(၅.၅)မိုင် တွံတေးမြို့နယ် ပိတ်စွယ် ကျေးရွာအုပ်စု ဘုရားကြီးစု ကျေးရွာအနီးရှိ တူးမြောင်းဘေးတွင် တည်ဆောက်မည်ဖြစ်ပြီး ရေသန့်စင်မှုအတွက် Raw Water ကို တွံတေးတူးမြောင်းမှ ရယူသွားမည်ဖြစ်သည်။ ရေသန့်စင် စက်ရုံ၏ ထုတ်လုပ်နိုင်မှု စွမ်းအားမှာ ဒလမြို့နယ် ရေပေးဝေရေးစနစ်သို့ ၃.၃ သန်း သောက်သုံးရေ ပေးဝေနိုင်မည်ဖြစ်သလို၊ တစ်နေ့ကို ရေဂါလန် ၆၆၀၀၀ သောက်ရေသန့် ဖြန့်ဖြူးပေးနိုင်မည့် စီမံကိန်း တစ်ခုဖြစ်ကြောင်းသိရသည်။
လက်ရှိအချိန်ထိ တွံတေးမြို့နယ် ရန်ကုန်ပေါက်ရေပေးဝေရေးစခန်းမှ နေ့စဉ် ရေဂါလန် ၁ ဒသမ ၂ သန်းကို အချင်း ၂၄ လက်မပိုက်လိုင်းဖြင့် ဒလမြို့နယ်ရေရရှိရေးနှင့်ရေးပေးဝေရေးစခန်းသို့ ပို့ဆောင် ပေးပြီး ထို့မှ တစ်ဆင့် ဒလမြို့ပေါ်ရှိ ရပ်ကွက် ၂၄ ရပ်ကွက်မှ ရေမီတာသုံးစွဲသူ အိမ်ထောင်စုပေါင်း ၄၆၂၂ စု အား ပိုက်လိုင်းစနစ်ဖြင့် တစ်နေ့လျှင် ၁၈ နာရီ အလှည့်ကျ ပေးဝေလျက်ရှိကြောင်း မြို့နယ်ရေရရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့ ဦးစီးအရာရှိ ဦးတိုးတိုးအောင် က ဆက်လက်ပြောကြားခဲ့သည်။
ဒလမြို့နယ်၌ ရပ်ကွက် ၂၄ ရပ်ကွက်တွင် မြေသားရေကန်ပေါင်း ၁၂၄ ကန်၊ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၅၄ ရွာတွင် မြေသားရေကန်ပေါင်း ၂၀၈ ကန်၊ စုစုပေါင်း ၃၃၂ ကန်ရှိပြီး၊ သောက်ရေ အတွက် မြေသားရေကန်များ၌ မိုးရေကို သိုလှောင်ပြီ ဆောင်းရာသီမှ စတင်၍ မိုးဦးမကျမီ ကာလအထိ ရေကန်များကိုသာ ဒေသခံပြည်သူများ အားထားသုံးစွဲနေကြရသည့် မြို့နယ် တစ်ခုပင် ဖြစ်သည်။
ဒလမြို့နယ်သည် ရန်ကုန်မြစ်၊ ပင်လယ်ဝ တို့နှင့် နီးကပ်လျက်ရှိခြင်းကြောင့် မြို့ပေါ်နှင့် ကျေးရွာများ တွင် ရေတွင်းတူးလျှင် ရေချိုမထွက် ရေငန်များသာ ထွက်ရှိသော ဒေသတစ်ခုပင် ဖြစ်သည်။ သောက်သုံးရေ ရှားပါးမှုကြောင့် ဒေသခံပြည်သူများစွာတို့မှာ နွေရာသီ၌ ရေရှားပါးမှုကို ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ရာ အဆိုပါ အခက်အခဲမှ ကင်းဝေးစေရန် အများသုံးရေနှင့် သောက်သုံးရေ ဖြန့်ဝေပေးနိုင်မည့် စီမံကိန်းကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်လင်းကျော်