ဒလမြို့နယ် အ.မ.က(၁၇)ကျောင်း၌ လူထုအခြေပြု ဖျားနာကုသ အခမဲ့ဆေးခန်း ဖွင့်လှစ်

ရန်ကုန် ဒီဇင်ဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအား ထိရောက်စွာဖြင့် ကာကွယ်ထိန်းချုပ် ကုသပေးနိုင်ရေးနှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်၍  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့ ပူးပေါင်း၍ Fever Clinic လူထုအခြေပြု ဖျားနာကုသ (အခမဲ့) ဆေးခန်းကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ကျောင်းဝင်း အတွင်း၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

 

ဖွင့်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး တို့က အဖွင့်အမှာစကားပြေားကြားခဲ့ပြီး၊ မြန်မာနိုင်ငံဆရာဝန်အသင်း မှ ဒေါက်တာ နေမင်းထက် က လူထုအခြေပြု ဖျားနာကု အခမဲ့ဆေးခန်း လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Fever Clinic(အခမဲ့)ဆေးခန်း  ကြီးကြပ် ကော်မတီဝင် မြို့မိမြို့ဖ ဦးအောင်ကျော်မြင့် က ကျေးဇူးတင် စကား ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး နှင့် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်း ဆရာဝန်များ နှင့် ပရဟိတအဖွဲ့မှ တာဝန်ရှိသူများက  ဆေးခန်းဖွင့်လှစ်ထားရှိမှုကို ကြည့်ရှုခဲ့ကြသည်။

ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း အနည်းငယ်လျော့ပါးလာသောလည်း ကူးစက်မှုများ ဆက်လက် မဖြစ်ပေါ်စေရေးနှင့် ရှာဖွေဖော်ထုတ်ကုသပေးနိုင်ရေးအတွက်         မြို့နယ်အတွင်း လူထု အခြေပြု ဖျားနာကု အခမဲ့ ဆေးခန်းကို ကမာကသွယ်ရပ်ကွက် ဒလ-တွံတေး ကားလမ်းမကြီး ဘေးရှိ အမှတ်(၁၇) အခြေခံပညာမူလတန်း ကျောင်းဝင်းအတွင်း ဆေးခန်းနေရာကို  ပြင်ဆင် ဆောင်ရွက်ထားရှိပြီး အပတ်စဉ် ကြာသပတေးနေ့ နှင့် တနင်္ဂနွေနေ့တို့တွင် နံနက် ၉ နာရီ  မှ နေ့လည် ၁၂ နာရီ  အချိန်ထိ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊  ဒေသခံမိဘပြည်သူများအနေဖြင့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရ ခက်ခဲခြင်းတို့ ခံစားနေရပါက ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူနိုင်ကြောင်းသိရသည်။

နိုင်လင်းကျော်