ကြံမျိုးယှဉ်ပြိုင် စမ်းသပ်ကွက်နှင့် စိုက်ပျိုးနည်း စနစ်စံပြကွက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လက်တွေ့ သရုပ်ပြသ နည်းပညာပေး

ကောလင်း ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်မြို့နယ် ၊ အင်ပင်သာကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာ တောင်သူဦးအုန်းရွှေ၊ကွင်းအမှတ် (၂၀၂၀) စိုက်ကွင်းအတွင်း ဆောင်းရာသီကြံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်နှင့် စိုက်ပျိုး နည်းစနစ်စံပြကွက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာပေး လက်တွေ့သရုပ်ပြသ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းသိန်းမှ ဦးဆောင်၍ မြို့နယ်ဦးစီးမှူး၊ ခရိုင် SMS များ၊ ဒု-ဦးစီးမှူးများနှင့် မြို့နယ် KC တာဝန်ခံနှင့် ဝန်ထမ်းများပါဝင် ဆောင်ရွက်ခဲ့ ကြပါသည်။

ကောလင်းမြို့နယ်သည် ၂၀၁၉-၂၀၂၀ခုနှစ် ကြံစိုက်ပျိုး(စီမံကိန်း) ဧက ၂၀၇၅ ရှိပြီး ကြံကြိတ်ဝါးနိုင်သည့် သကြားစက် (Sugar Mill) မရှိသည့်အတွက် "ကြံသကာ ချက်လုပ်ခြင်း" ကိုသာအဓိက အားထားကြရသည့် ဒေသ ဖြစ်သည်။

သို့ဖြစ်ပါ၍ ခရိုင်ဦးစီးမှူးမှ ကြံသကာချက်လုပ်ခြင်းကို အဓိက အားထားကြသော်လည်း ဤဒေသအတွက် ကြံမျိုးကွဲများ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ဒေသရေမြေနှင့်ကိုက်ညီသည့် စိုက်ပျိုးနည်းစနစ်များ လက်တွေ့ဆောင်ရွက် နိုင်ရေး၊ ကြံစိုက်ပျိုးသည့်အခါ ဒေသအလိုက် အချိန်မီ၊ ရာသီမှန်စိုက်ပျိုးမှသာ အထွက်နှုန်းသိသာစွာ တိုးလာမည်ဖြစ်ကြောင်းအားလည်းကောင်း၊ မြို့နယ်ဦးစီးမှူးမှ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်များအား အကျိုးဆောင်တောင်သူများမှတဆင့် ဖြန့်ဖြူးပေး သွားမည် ဖြစ်ကြောင်းနှင့် ကြံ (၁) ဧက ဝင်ဆန့်အပင်ရေ ပြည့်မီရေးအတွက် အချိန်မီ ဖာထေးနိုင်ရန် အရန် ပျိုးပင်များအတွက်  ကြံတစ်ဆစ်ခြင်း ပျိုးထောင်ထားရှိနိုင်ကြောင်းအားလည်းကောင်း၊ ကြံစိုက်တောင်သူများသို့ နည်းပညာပေးဆောင်ရွက်ခဲ့ကြပြီး ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများမှ ကြံစိုက်ပျိုးရာ၌ စိုက်နည်း စနစ်မှန်ကန်ရေး၊ မြေခံဓာတ်မြေသြဇာထည့်သွင်းရေးအတွက် လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခဲ့ကြသည်။

ယခုနှစ် ကောလင်းမြို့နယ်၌ ဆောင်းရာသီ ကြံသကာချက်လုပ်သည့်ကာလ၌  လုပ်သားရှားပါးခြင်းနှင့်   လောင်စာ ထင်းရရှိမှု  အခက်အခဲတစ်ချို့ရှိသော်လည်း ကြံသကာ ၁ ပိဿာ  ၁၂၀၀ ကျပ် ရရှိသည့်အတွက် အကျိုးအမြတ် မဆိုးလှကြောင်း ကြံတောင်သူများ၏ ပြောပြချက်အရသိရသည်။

မြင့်ထွန်းမင်း(ကောလင်း)