ကျိုက်ထိုမြို့နယ်တွင် လူစည်ကားရာ‌ နေရာများနှင့်အခြေခံပညာကျောင်းများ၌ "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျိုက်ထို ဒီဇင်ဘာ ၁၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူ ပြည်သူအားလုံး ပါဝင်ဆန္ဒမဲပေးနိုင်ရေး "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်များ ဖြန့်‌ဝေလှုံ့ဆော်ခြင်းကို ယနေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများနှင့် အခြေခံပညာကျောင်းများ၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

လက်ကမ်းစာစောင်များ ဖြန့်ဝေလှုံ့ဆော်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဌာန ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊မီးသတ်တပ်ဖွဲ့၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတို့ ပူးပေါင်းကာ ကျိုက်ထိုမြို့နယ် ပြည်သူ့ဈေးရှေ့ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်၌ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ တက္ကစီယာဉ်များဖြင့် ခရီးသွားလာနေကြသည့် ပြည်သူများ၊‌ပြည်သူ့‌ ဈေးအတွင်းရှိ ဈေးရောင်းဈေးဝယ်နေသူများ၊ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ သူများမှတဆင့် မိဘပြည်သူများအား ဆန္ဒမဲပေးနိုင်ရေး လှုံ့ဆော်အသိပညာပေး၍ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ဒို့အတူတူ မဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့ စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

ပြည့်ဖြိုး(ပြန်/ဆက်)