ဝန်းသို ဒီဇင်ဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသစ်ထူးမြင့်သည် ယမန်နေ့ က ဝန်းသိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေစိုးအောင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလိုက်ပါလျက် ၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဖလဲတန်းရပ်ကွက်တွင်းလမ်း အရှည် ၅၄၀ ပေ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဦးအောင်မြတ်ခန်းမဆောင် အသစ်ဆောက်လုပ် နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့သစ်(၃)လမ်းမကြီး အရှည်ပေ (၃၀၀) ကတ္တရာခင်းခြင်း ၊ ဘူတာစုရပ်ကွက်၊ ကျုတောကွက်သစ်လမ်းအရှည်ပေ (၃၀၀) ကတ္တရာခင်းခြင်း၊ မြကန်သာရပ်ကွက် လမ်းသွယ်(၁) လမ်း အရှည် ပေ (၃၅၀)ကတ္တရာခင်းခြင်းလုပ်ငန်းများကို ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးခဲ့ပြီး ယခု ဖလဲတန်းရပ်ကွက် လမ်းသွယ်(၁)လမ်းအရှည်ပေ (၅၄၀)ကတ္တရာခင်းခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း ကျန်ရှိသည့် မြို့သစ် (၁)၊လမ်းသွယ်(၆)လမ်းအရှည် ပေ(၃၀၀) ကွန်ကရစ်ခင်းခြင်း၊ သမစက်လမ်းအရှည်ပေ(၂၅၀) ကွန်ကရစ် ခင်းခြင်းနှင့် ရပ်ကွက်(၄)ရပ်ကွက် တွင် Box Culvert (၅)စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
ကျော်မြိုင်