ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေး မြို့နယ်အဆင့်ကော်မတီသို့ ဆန်များလှူဒါန်း

ဂန့်ဂေါ ဒီဇင်ဘာ ၃၁

ဂန့်ဂေါမြို့နယ်၏ လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ပါရမီရှင် နာရေးကူညီမှုအသင်းက မြောက်ကုန်း ရပ်ကွက်ရှိ သဘင်ခြံ၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်ကုသရေး ဂန့်ဂေါမြို့နယ်အဆင့် ကော်မတီသို့ ဆန်အိတ်အလုံး ၈၀ ကို ယနေ့နံနက်တွင် ပေးအပ် လှူဒါန်းသည်။

ထိုသို့ လှူဒါန်းရာတွင် ပါရမီရှင်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးတင်သောင်းက ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေး မြို့နယ်အဆင့်ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး ထံ ဆန် ၈၀ အိတ် နှင့် ငွေ ကျပ် ၄၄၄၃၃၀၀ ကျပ် တို့ကို ပေးအပ်လှူဒါန်းခြင်း ဖြစ်သည်။

ထိုသို့လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ “ ကျွန်တော်တို့အသင်းအနေနဲ့ ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာကို ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် အလှူခံသွားရေားက်ခဲ့ရာမှာ စေတနာရှင် အလှူရှင် များ လှူဒါန်းကြတဲ့ အလှူငွေ နဲ့ ဆန်တို့ကို ထပ်ဆင့်လှူဒါန်းတာ ဖြစ်ပါ တယ်၊ ဒါ့အပြင် ကန်သာရွာနေ ဒေါ်ခင်ထွေး က ငွေကျပ် တစ်သိန်းခွဲ၊ USA မှာနေ ထိုင်တဲ့ ဂန့်ဂေါ မြို့နယ်ဇာတိဖွါး ဒေါက်တာအောင်မြင့်နှင့် ဇနီး ဒေါက်တာအေးအေးမေ တို့က ပေးပို့လှူဒါန်းငွေ ကျပ်တစ်သိန်း တို့အပါအဝင် အလှူရှင် ၁၀ ဦးတို့ရဲ့လှူဒါန်းငွေ ၆၁၇၀၀၀ ကျပ်တို့လဲပါဝင်ပါတယ်၊” ဟု အသင်းဥက္ကဋ္ဌ ဦးတင်သောင်းက ပြောသည်။

လှူဒါန်းရာသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို တို့နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

တောင်သားမောင်သန်း