ဒေါပုံ ဒီဇင်ဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ ယမုံနာ(၁)ရပ်ကွက် အသောကရာမ ကျောင်းတိုက်အရှေ့တွင် အများပြည်သူ အသုံးပြုကစားနိုင်စေရန်အတွက် (Outdoor Fitness) ပစ္စည်းများထားရှိ ဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူး၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန မြို့နယ်အားကစားမှူး ဦးကျော်စိုးအောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါ အားကစားပစ္စည်းများအား ဒေါပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြတောင်းခံချက်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပံ့ပိုးလှူဒါန်းမှုဖြင့် ဒေါပုံမြို့နယ်တွင် အများပြည်သူ အသုံးပြု ကစားနိုင်ရန်အတွက် (Outdoor Fitness) (၁၇) စုံ တပ်ဆင်ထားရှိကြောင်းကို မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။
ထိုသို့အများပြည်သူ အသုံးပြုနိုင်စေရန် (Outdoor Fitness) အား ကစားပစ္စည်းများ ထားရှိမည့် အလျား(၃၀) ပေ၊ အနံ(၁၄) ပေ၊ အမြင့် (၁)ပေခွဲ၊ တန်ဖိုး(၁၀)သိန်း ဝန်းကျင်ရှိ အောက်ခံဖောင်ဒေးရှင်း ပတ်လည်အား ယမုံနာ (၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်း မိသားစုတို့က လှူဒါန်းကြောင်း သိရှိရသည်။
အဆိုပါဖွင့်ပွဲအား လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်မိရပ်ဖများ တက်ရောက်ကြောင်း သိရသည်။
သဲစုစုလွင်(ပြန်/ဆက်)