ခရမ်း ဒီဇင်ဘာ ၃၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့် တောင်သူများ၏ မြေပြင်တွင် အမှန်တကယ် ငါးမွေးမြူခြင်း မရှိသည့် ငါးမွေးကန်များအား စာရင်းမှ ပယ်ဖျက်စာရင်း တင်ပြနိုင်ရေးနှင့် အမှန်တကယ် ငါးမွေးကန်များ စာရင်းမှန်ကန်စေရေး နိုင်ငံတော်မှ ကိုဗစ်-၁၉ ကာလကြောင့် စီးပွားရေး ထိခိုက်မှု သက်သာစေရေး အစီအစဉ်အရ ထောက်ပံ့ပေးထားသည့် ငါးမျိုးများ ရှင်သန်ကြီးထွားနှုန်း များကို ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ငါးလုပ်ငန်း ဦးစီးဌာန ဌာနမှူး ဦးအေးနိုင်နှင့် ခရမ်းမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမျိုးတင့် တို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ခရမ်းမြို့နယ်အတွင်းရှိ အုတ်ဖိုကျေးရွာ၊ ကမာမတ်ကျေးရွာများ အတွင်းရှိ ငါးမွေးတောင်သူများ၏ မြေပြင်တွင် အမှန်တကယ် ငါးမွေးမြူခြင်းမရှိသည့် ငါးမွေးကန်များအား စာရင်းမှပယ်ဖျက် စာရင်းတင်ပြနိုင်ရေးနှင့် အမှန်တကယ် ငါးမွေးမြူသည့် ငါးကန်များ၏ ဧကစာရင်းမှန်ကန်ရေးနှင့် နိုင်ငံတော်မှ ကိုဗစ်-၁၉ ကာလစီးပွားရေး ထိခိုက်မှု သက်သာစေရေး အစီအစဉ်အရ ထောက်ပံ့ဖြန့်ဝေ ထားသည့် ငါးမြစ်ချင်း ငါးသားပေါက်များ၏ ရှင်သန်ကြီးထွားနှုန်းများကို ငါးမွေးကန်များအလိုက် လိုက်လံ ကွင်းဆင်းတိုင်းတာ စစ်ဆေး၍ ငါးမွေးကန်များ၏ လိုအပ်ချက်များကို လမ်းညွှန်မှာကြား ပေးခဲ့ကြောင်း သိရှိသည်။
နိုင်ငံတော် မှ CERP အစီအစဉ်အရ ထောက်ပံ့ပေးအပ်ခဲ့သည့် ငါးမြစ်ချင်းငါးမျိုးများမှ ရှင်သန် ကြီးထွားနှုန်း ကောင်းမွန်ပြီး ယခုအခါ ငါးမြစ်ချင်းတစ်ကောင်လျှင် လေးလက်မ၊ ငါးလက်မ၊ ခြောက်လက်မအထိ ကြီးထွား ရှင်သန်လျက်ရှိကြောင်း၊ ငါးကန်များအား ကျန်းမာရေး ဝန်ကြီးဌာနနှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့မှ ထုတ်ပြန်သည့် လမ်းညွှန်ချက်များ၊ စည်းကမ်းချက်များ လိုက်နာဆောင်ရွက်၍ မွေးမြူထားလျက်ရှိကြောင်း သိရသည်။
ကိုမင်း(ခရမ်း)