ချောက် ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန်နှင့် စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်စေရန်အတွက် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံး၊ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ် စာစောင် နံရံကပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို “လွတ်လပ်ရေးနေ့ဒို့မမေ့” ခေါင်းစဉ်ဖြင့် နံနက် ၁၀ နာရီတွင်လည်းကောင်း၊ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို မွန်းလွဲ ၁ နာရီတွင်လည်းကောင်း ကျင်းပခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း(၁၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် စာအုပ်စာစောင်ပြပွဲတွင် ကျောင်းသား/သူများ ဖတ်ရှုလေ့လာသင့်သည့် လွတ်လပ်ရေးနေ့ အကြောင်းအရာများ၊ ကာတွန်း၊ ရုပ်ပြ၊ စာစောင်၊ ပုံပြင်များပြသထားပြီး နံရံကပ်စာစောင်ပြပွဲတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)