မြောက်ဥက္ကလာပ ဒီဇင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြောက်ဥက္ကလာပမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးချင်းပေးအပ်ခဲ့ကြသည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်း ရပ်ကွက် (၁၉) ခု၊ ယာယီနေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု ၄၂၁ စုရှိ လူဦးရေ ၁၃၇၁ ဦးရှိရာ တစ်ဦးလျှင် တစ်လငွေကျပ် နှစ်သောင်းနှုန်းဖြင့် ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလ သုံးလစာငွေကျပ် ခြောက်သောင်းကျပ် စုစုပေါင်း ငွေကျပ် ၈၂၂၆၀၀၀၀ ကျပ်တိတိအားရပ်ကွက်အလိုက် နေ့ခွဲရက်များခွဲ၍ လက်၀ယ်အရောက် ထောက်ပံ့ပေးမည်ဖြစ်ရာ ခရီးလွန်နေသူများကိုလည်း သတ်မှတ်ရက်များတွင် ဆက်လက်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)