ကန့်ဘလူ ဒီဇင်ဘာ ၃၁
“ခွေးရူးရောဂါကင်းစင်မြန်ပြည်တစ်ခွင် ၂၀၃၀ တွင်” ဆိုသော ရည်မှန်းချက်များနှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ခွေးရူးရောဂါကင်းစင်စေရေး ရည်ရွယ်ချက်ဖြင့် ကန့်ဘလူမြို့ပေါ် ရပ်ကွက်များရှိ အိမ်မွေးခွေးများအား ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ခွေးရူးရောဂါပိုးသည် Virus ပိုးဖြစ်ပြီး ခွေးရူးရောဂါပိုးသယ်ဆောင်ထားသည့် ခွေးကိုက်ခံရသော လူနှင့်တိရစ္ဆာန်များတွင် ယင်းရောဂါ ကူးစက်ခံရပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း၊ ခွေးရူးရောဂါ မဖြစ်ပွားစေရေးအတွက် အိမ်မွေးခွေးနှင့် ခွေးလေခွေးလွင့်များကို ကာကွယ်ဆေးထိုးနှံပေးရန် လိုကြောင်း ခရိုင်မွေးမြူရေးနှင့်ကုသရေး ဦးစီးမှူး ဒေါက်တာသိန်းလွင်က ပြောကြားသည်။
အိမ်မွေးခွေးများကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်နိုင်နှင့် ဒုတိယဦးစီးမှူးများက ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ရာ စုစုပေါင်း ခွေးအကောင်ရေ ၁၀၀ ကိုအခမဲ့ထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် ခွေးရူးရောဂါ ကာကွယ်တားဆီးရေး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)