ဝန်းသိုမြို့နယ် ဘုံချောင်းကျေးရွာတွင် တစ်အိမ်သုံးဆိုလာစနစ် (Sola Home System) ဖြင့် မီးရရှိသုံးစွဲနိုင်ပြီ

ဝန်းသို ဒီဇင်ဘာ ၃၁

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းနိုင်ရေးအတွက် အမျိုးသားလျှပ်စစ် ဓါတ်အားရရှိရေး စီမံကိန်း( NEP- National Electrification Plan )အရ မဟာဓါတ်အားလိုင်း (၁၀)မိုင်နှင့် အထက်ကွာဝေးသော ကျေးရွာများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မဟာဓါတ်အားလိုင်း မရောက်မီ မီးလင်းနိုင်ရေး အတွက် မဟာဓါတ်အားလိုင်း(ပြင်ပ) တစ်အိမ်သုံးဆိုလာစနစ်( Solar Home System) ဖြင့် မီးလင်းရေးလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဘုံချောင်းကျေးရွာတွင် ( မီးလင်းရေးလုပ်ငန်း) တစ်အိမ်သုံးဆိုလာစနစ် တပ်ဆင်ခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်၍ ကျေးလက်နေပြည်သူများ မီးရရှိသုံးစွဲနိုင်ပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

အဆိုပါ (မီးလင်းရေးလုပ်ငန်း) တစ်အိမ်သုံးဆိုလာစနစ် တပ်ဆင်ထားရှိမှုလုပ်ငန်းများကို ယမန်နေ့က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ မြို့နယ်မီးလင်းရေး စီမံကိန်း တာဝန်ခံ ဒေါ်အိမွန်ဟိန်းနှင့် မြို့နယ်လုပ်ငန်း စစ်ဆေးရေးအဖွဲ့တို့က ကွင်းဆင်း၍ တစ်အိမ်သုံး ဆိုလာစနစ် (SHS)နှင့်(Public Facility) အများသုံးဆိုလာစနစ်များ ပြည်စုံစွာတပ်ဆင်ထားရှိမှု၊ မီးသုံးစွဲသူ (User)တို့၏ မီးသုံးစွဲမှုအပေါ် ကျေနပ်ခံစားမှု၊ စစ်ဆေးချိန်တွင် သတ်မှတ်စာချုပ် သက်တမ်းကာလအတွင်း ပျက်စီးဆုံးရှုံးမှုများ ရှိ/မရှိတို့ကို စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ဘုံချောင်းကျေးရွာတွင် အိမ်ခြေ(၆၇) အိမ်ရှိပြီး တစ်အိမ်သုံးဆိုလာစနစ် 100 W (၂၅)စုံ၊ 60W (၁၂)စုံကို တပ်ဆင်ပေးခဲ့ရာ 100 W ဆိုလာစနစ်အတွက် တစ်စုံလျှင် ငွေကျပ် ၁၅၀၀၀၀၊ 60W ဆိုလာစနစ်အတွက် တစ်စုံလျှင် ငွေကျပ် ၅၀၀၀၀ ပြည်သူအချိုးကျထည့်ဝင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စီမံကိန်းမှ စာသင်ကျောင်းအတွက် ဆိုလာ 380Wနှင့်ဆက်စပ်ပစ္စည်း၊ မီးချောင်း(၁၈)ချောင်း၊ မီးသီး()လုံး ကိုလည်းကောင်း၊ ဘာသာရေးကျောင်းများဖြစ်သော ဘုန်းတော်ကြီးကျောင်းနှင့် ခရစ္စယာန် ကျောင်းများအတွက် 180W ဆိုလာနှင့် ဆက်စပ်ပစ္စည်း၊ မီးချောင်း()ချောင်း၊ မီးသီး()လုံးကိုလည်းကောင်း၊ ကျန်းမာရေး ဆေးခန်းအတွက် 180 W ဆိုလာနှင့် ဆက်စပ်ပစ္စည်း၊ မီးချောင်း()ချောင်း၊ မီးသီး()လုံးနှင့် ကျေးရွာလမ်း မီးတိုင်()တိုင်တို့ကို လည်းကောင်း ၁၀၀ရာခိုင်နှုန်း အခမဲ့ကျ ခံတပ်ဆင်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)