မြဝတီ ဒီဇင်ဘာ ၁၂
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ယနေ့နံနက် (၉)နာရီတွင် ဒို့အတူတူ မဲပေးကြမယ် ရွေးကောက်ပွဲအသိပညာပေးလှုံ့ဆော်ရေးကို တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မော်အောင်ကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဦးစီးဌာနနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများကပူးပေါင်း၍ မြဝတီမြို့ရှိ အမှတ်(၁) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားရှိ ခရီးသွားလာမော်တော်ယာဥ်များအား “ ဒို့အတူတူ မဲပေးကြမယ်” စတစ်ကာများကို ကပ်ထားဆောင်ရွက်ခြင်းကိုလည်းကောင်း၊ ပို့ဆောင်ဆက်သွယ်ရေးယာဥ်လိုင်းဂိတ်များနှင့် သုံးဘီးဆိုင်ကယ် ဂိတ်များ၌ “ ဒို့အတူတူမဲပေးကြမယ်” ဗီနှိုင်း၊ စတစ်ကာများကိုကပ်ပေးဆောင်ရွက်ခြင်းဖြင့် ရွေးကောက်ပွဲလှုံ့ဆော်ရေးအသိပညာပေးခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
မြဝတီမြို့ တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများမှပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် “ရွေးကောက်ပွဲမှ ပိုမိုကောင်းမွန်သည့် အနာဂတ်ဆီသို့” ရွေးကောက် ပွဲလှုံ့ဆော်ရေးအသိပညာပေးပိုစတာများစိုက်ထူခြင်းနှင့် ”ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်၊ စတစ်ကာနှင့်ပိုစတာများကိုဖြန့်ဝေ၊ စိုက်ထူခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ ( ပြန်/ဆက်)