ကရင်သက္ကရာဇ် (၂၇၆၅)ခု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှာကမြင်ကွက်သစ်၊ ချယ်ရီ(၂)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်

ဘားအံ ဒီဇင်ဘာ ၁၃

ကရင်သက္ကရာဇ် (၂၇၆၅)ခု၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ချယ်ရီ(၂)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် (၈)နာရီက အဆိုပါကွန်ကရစ်လမ်းသစ် မုခ်ဦးတည်နေရာ၌ ကျင်းပသည်။

အဆိုပါကွန်ကရစ်လမ်းသစ်ကို  ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ (၁၇၁ ဒဿမ ၇ သန်း) ဖြင့် ဘားအံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရှည် (၁၇၂၀)ပေ၊ အကျယ် (၁၄)ပေ၊ လမ်းသားထု (၆)လက်မရှိ ကွန်ကရစ်လမ်းသစ်ကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လှာကမြင်မြို့ကွက်သစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း (၈)လမ်း၊ စုစုပေါင်းပေရှည် (၈၇၂၂)ပေ၊ Box Culvert (၄)စင်း၊ ရေနုတ်မြောင်း(၁)ခု၊ အားကစားရုံသစ်ကားပါကင်နှင့် မြေယာရှုခင်းလုပ်ငန်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ဖြည့်စွက်ရန်ပုံငွေတွင်လည်း ကွန်ကရစ်လမ်း (၈)လမ်းကို ထပ်မံဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ဒေသခံများ၏ လိုအပ်ချက်နှင့် နောင်လူဦးရေသိပ်သည်းမှုကို ခန့်မှန်း၍ ရေရှည်တည်တံ့သော မြို့ပြစီမံကိန်း (Sustainable Urban Plan) ရေးဆွဲကာ အကောင်းဆုံးကြိုးစား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လှာကမြင်ကွက်သစ်နေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကွန်ကရစ်လမ်းသစ်အားဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြကာ ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များနှင့် ဘင်ခရာ၊ ပန်းပွားအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ တက်ရောက်လာသူများနှင့်အတူ လမ်းသစ်အား ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဆိုလာတပ်ဆင်ခြင်း သင်တန်းဆင်းပွဲကို

ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၊ အိန္ဒုပအိုဝ်းကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးက သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ခဲ့သော သင်တန်းများမှ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော သင်တန်းသားများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)