ဘားအံ ဒီဇင်ဘာ ၁၃
ကရင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၁)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက၊ ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို အမျိုးသမီးဂုဏ်ရည် တေးသီချင်ကိုသီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ဒေါ်နန်းဘေဘီမြင့်က အဖွင့်အမှာစကားပြောကြား ခဲ့သည်။
ထိုနောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက ကရင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၏ ၂၀၂၄ ခုနှစ်၊ လုပ်ငန်းဆောင်ရွက်ချက်များအားပါဝါပွိုင့်ဖြင့် ပြန်လည်ရှင်းလင်းတင်ပြခြင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူးက ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေစီမံချက်၊ ၂၀၂၅ခုနှစ် ရှေ့လုပ်ငန်းစဉ်များနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ အခြေခံစည်းမျဉ်းတို့အား ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်ပြီး တာဝန်ရှိသူများက အဖွဲ့ဝင်သစ်များအား အဖွဲ့ဝင်ကတ်နှင့်ရင်ထိုးတံဆိပ်များတပ်ဆင်ပေးခြင်း၊ ရပ်ကွက်/ကျေးရွာများနှင့် စီမံချက်ကျေးရွာများသို့ အဖွဲ့ဝင်ဝတ်စုံများပေးအပ်ခြင်း၊ ကရင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့သို့ အလှူရှင်များမှ အလှူငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် အင်အားသစ်များနဲ့အတူ အမျိုးသမီးရေးရာဂုဏ်ပြုတေးသီချင်းဖြင့် အခမ်းအနားကို ပိတ်သိမ်းကာ အခမ်းအနားသို့ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးကြပြီး ပြသထားသည့် မှတ်တမ်းဓါတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
ပြည်နယ်ပြန်/ဆက်