မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Ms. Ma Jia အား လက်ခံတွေ့ဆုံ

မော်လမြိုင် ဒီဇင်ဘာ ၁၂

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Ms. Ma Jia အား ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်-မြန်မာချစ်ကြည်ရေး ကိစ္စရပ်များနှင့် စပ်လျဥ်း၍ မော်လမြိုင်မြို့နှင့် တရုတ်လူမျိုးများကြားတွင် သံယောဇဥ်များစွာရှိကြောင်း၊ မွန်ပြည်နယ်အတွင်းတွင်လည်း ပြည်ပရောက်တရုတ်လူမျိုးများစွာ ရောက်ရှိနေထိုင်ကြရာ ပြည်နယ်အစိုးရအဖွဲ့၏ စောင့်ရှောက်ပေးမှုအောက်တွင် အဆင်ပြေချောမွေ့စွာ နေထိုင်ရသဖြင့် ကျေးဇူးတင်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဥ်း၍ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးအခြေအနေအားလည်းကောင်း၊ ဒေသထွက်ကုန်များနှင့် ပတ်သက်၍လည်းကောင်း၊ မိမိတို့ပြည်နယ်သည် ရာဘာအများဆုံးစိုက်ပျိုးပြီး မြေနေရာနည်းပါးသော်လည်း စိုက်ပျိုးမှုများတွင် မြေစီလွှာကောင်းမွန်သဖြင့် အောင်မြင်မှုဖြစ်ထွန်းမှုရှိကြောင်း၊ ဒေသအတွင်းမှ ကုန်ကြမ်း၊ ကုန်ချောများ၊ ဒေသထွက်ကုန်များစွာ ထွက်ရှိသဖြင့် အထောက်အကူဖြစ်စေကြောင်း၊ ချောင်းဆုံမြို့နယ်ဟု ဆိုရာတွင်လည်း ဘီးလူးကျွန်းအမည်ရှိ ကျွန်းတစ်ကျွန်းဖြစ်ပြီး စိမ်းလန်းစိုပြေသာယာဝပြောသဖြင့် ရောက်ရှိခိုက်တွင် သွားရောက်လည်ပတ်သင့်ကြောင်း အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)