ရန်ကုန် ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက သမိုင်းချောင်း၊ သီရိမင်္ဂလာဈေးနှင့် ရွှေပိတောက်ငါးဈေးတို့တွင် ရေးစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသပ်ရပ်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးရှိ သမိုင်းချောင်းတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် စက်ယန္တရားဖြင့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက်များအား ရေမြောင်းအတွင်း စွန့်ပစ်မှုမရှိစေရေးနှင့် အမှိုက်များအား သတ်မှတ်နေရာများ၌ စွန့်ပစ်နိုင်ရေး ဆောင်ရွက်ရန်၊ ရေမြောင်းအတွင်း အနံဆိုးများကင်းရှင်းအောင် ဆောင်ရွက်ရန်၊ ရေထွက်ပေါက်များအား အမှိုက်များ ပိတ်ဆို့မှုမရှိစေရေးနှင့် ရေများအား သက်ဆိုင်ရာမြစ်များ၊ ချောင်းများအတွင်းသို့ စီးဆင်းနိုင်ရေးဆောင်ရွက်ရန် စသည်တို့ကိုမှာကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် လှိုင်မြို့နယ်၊ (၄)ရပ်ကွက်၊ သီရိမင်္ဂလာဈေးရှိ ဈေးရုံများတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေထွက်မြောင်းများ ဆောင်ရွက်နေမှုများ၊ ပျက်စီးနေသည့်အမိုးများ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများ၊ လှိုင်မြစ်ကမ်းနံဘေး၌ ကုန်စိမ်းများ လာရောက်ပို့ဆောင်နေမှုများ၊ ဈေးဆိုင်ခန်းများ၌ ဈေးရောင်းချနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန်၊ အမှိုက်များအား ဈေးရောင်းချသူများကပါ စနစ်တကျစွန့်ပစ်နိုင်ရေး ဆောင်ရွက်ရန်နှင့် လုပ်ငန်းများအား အချိန်တိုအတွင်း ပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းကိုက်ညီစွာဖြင့် ပြီးစီးအောင်ဆောင်ရွက်ရန် စသည်တို့ကိုမှာကြားကာ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် လှိုင်မြို့နယ်၊ (၄)ရပ်ကွက်၊ ရွှေပိတောက်ငါးဈေးရှိ ဈေးရုံများတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေထွက်မြောင်းများ ဆောင်ရွက်နေမှုများနှင့် အနံ့ဆိုးများကင်းရှင်းရေးအတွက် ရေကားများဖြင့် ရေများပတ်ဖျန်း၍ ဆောင်ရွက်နေမှုများ၊ ဈေးဆိုင်ခန်းများ၌ ဈေးရောင်းချနေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားကာ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)