ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲနှင့် ဆောင်းပါး၊ စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ တက်ရောက်

စစ်တွေ ဒီဇင်ဘာ ၁၃

(၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်တွေမြို့၊ ရွာကြီးလမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါလမ်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးက ကွန်ကရစ်လမ်းသစ်ခင်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရပ်ကွက်နေပြည်သူတစ်ဦးက လမ်းအဆင့်မြှင့်တင်ကာ ဖွင့်လှစ်ပေးခြင်းအပေါ် ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လမ်းဖွင့်ပွဲအထိမ်းအမှတ်အလံများ ပေးအပ်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်၊ ရွာကြီးလမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ကရစ်လမ်းတလျောက် လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လမ်းဖွင့်ပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ကွန်းကရစ်လမ်းဖွင့်ပွဲတွင် တက်ရောက်ပါဝင် တီးခတ်ဖျော်ဖြေပေးကြသော အခြေခံပညာကျောင်းများမှ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

ယခုဖွင့်လှစ်သော စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်၊ ရွာကြီးလမ်းမှာ အရှည် (၉၂၅)ပေ၊ အကျယ် (၂)ပေ၊ ထု (၈)လက်မဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

နေ့လယ်ပိုင်းတွင် ရခိုပြည်နယ်ဝန်ကြီးချုပ်သည် စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပသော (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါးပြိုင်ပွဲ၊ အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ဌာနဆိုင်ရာအလိုက် အားကစားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း၊ အလွတ်တန်းဆောင်းပါးပြိုင်ပွဲများ၊ အဆင့်မြင့်ပညာအဆင့်နှင့် အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲများကိုလည်း ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ အလွတ်တန်း ဆောင်းပါးပြိုင်ပွဲများကို ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် ရခိုင်နောက်ခံသမိုင်းကြောင်းများ၊ ရခိုင်လူမျိုးများ၏ လူနေမှုအဆင့်အတန်း မီလာစေရေး မီးမောင်းထိုးပြမှုများ၊ ရခိုင်ပြည်နယ်၏ ပထဝီအနေအထားများနှင့် ရခိုင်ပြည်နယ်၏ လက်ရှိဖြစ်ပေါ်တိုးတက်နေမှုများကို ပြိုင်ပွဲဝင်များအနေဖြင့် ဖော်ထုတ်ပေးခြင်းဖြင့် ရခိုင်ပြည်နယ်နှင့် ပတ်သက်သော ဗဟုသုတများကို သိရှိသွားစေရန် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်ကြောင်း၊ ထို့အတူ စာစီစာကုံးပြိုင်ပွဲများ ကျင်းပရသည့် ရည်ရွယ်ချက်မှာလည်း အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘဝအချိုးအကွေ့ဟုခေါ်သော တက္ကသိုလ်ဝင်တန်းကို ဖြေဆိုကြသည့်အခါ မြန်မာစာဘာသာရပ်တွင် စာစီစာကုံးကို ရေးသားဖြေဆိုရသည့်အတွက် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်တိုးတက်လာစေရန်အတွက် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များ၊ ဆုရရှိသူများအနေဖြင့် ယခုကစတင်ပြီး စာစီစာကုံးကောင်း တစ်ပုဒ်ဖြစ်အောင် စီကုံးဖွဲ့နွဲ့ရေးသားတတ်သည့် အတွေ့အကြုံကောင်းများ ရရှိနိုင်အောင် စာစီစာကုံးပြိုင်ပွဲများကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ စာစီစာကုံးကို မည်သည့်အကြောင်းအရာမျိုးနှင့်ဖြစ်စေ ရေးတတ်သော၊ ရေးနိုင်သော အလေ့အကျင့်ကောင်းရှိသည့် လူငယ်များသည် သူတို့ကျင်လည်ရသည့် ဘဝများတွင်သာမက နိုင်ငံ့သားကောင်း တစ်ယောက်အနေဖြင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရသည့် အချိန်တွင်လည်း မြန်မာစကားပြေအရေးအသား ကောင်းသူတစ်ဦး ဖြစ်လာစေရန် များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ ဆောင်းပါးပြိုင်ပွဲသည် အလွတ်တန်းပြိုင်ပွဲ ဖြစ်သည့်အတွက် စာပေကိုချစ်မြတ်နိုးပြီး ဝါသနာပါသော မည်သည့်ပညာရှင်များကိုမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ တနည်းဆိုရလျင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်ကာ ကျင်းပပေးခြင်းလည်းဖြစ်ကြောင်း၊ (၅၁)နှစ်‌မြောက် ရခိုင်ပြည်နယ်နေ့နှင့်အတူ မကြာခင်ကျရောက်လာမည့် နှစ်သစ်ကူးကာလ၊ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့၏ မြို့တည်နှစ် (၂၀၀)ပြည့်အခမ်းအနားကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည့်အတွက် အားလုံးဘေးဘယာကင်းဝေးကြပြီး ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်ကြီးတည်ငြိမ်အေးချမ်းရေးကို ပြည်သူအားလုံးပူးပေါင်း ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အလွတ်တန်းဆောင်းပါး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက အဆင့်မြင့်ပညာအဆင့် ပြိုင်ပွဲများတွင် ဆုရရှိကြသူများအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆောင်းပါးပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများတွင် အကဲဖြတ်အမှတ်ပေးကြသော ဆရာကြီး၊ ဆရာမကြီးများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆုရပြိုင်ပွဲဝင်များ၏ ဆောင်းပါး၊ စာစီစာကုံးများအား ပြသထားရှိမှုကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)