ရန်ကုန် ဒီဇင်ဘာ ၁၂
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး အသီးသီးဆွတ်ခူးခဲ့သော ခြင်းလုံး၊ ပိုက်ကျော်ခြင်း(ကွင်းသွင်)၊ ပီတန်း၊ တိုက်ကွမ်ဒို မြန်မာအားကစားအဖွဲ့သည် ယမန်နေ့ညနေ (၁၆ : ၃၀)နာရီအချိန်တွင် လေယာဉ်အမှတ် 8M334 အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစာနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြု လုပ်ငန်းကော်မတီမှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုတိုင်းရင်းသားဖွံ့ဖြိုးရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုးများ၊ မိဘပြည်သူများက အိုးစည်၊ ဒိုးပတ်များ၊ ပန်းစည်းများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့သည်။
အဆိုပါ မြန်မာအားကစားအဖွဲ့တွင် ရိုးရာခြင်းလုံးအားကစားနည်းမှ ရွှေတံဆိပ် (၂)ဆု ရရှိခဲ့သော အမျိုးသား/အမျိုးသမီးအသင်း၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ငွေတံဆိပ် (၂)ဆုရရှိခဲ့သော အမျိုးသား/အမျိုးသမီးအသင်း၊ တိုက်ကွမ်ဒိုအားကစားနည်းမှ အသင်းလိုက် ကကွက်ပြိုင်ပွဲတွင် ကြေးတံဆိပ် (၁)ဆုရရှိခဲ့သော အမျိုးသား/အမျိုးသမီးအသင်းနှင့် ပီတန်းအားကစားနည်းမှ အမျိုးသမီး Shooting ပြိုင်ပွဲတွင် ငွေတံဆိပ် (၁)ဆုရရှိခဲ့သော ခင်ချယ်ရီသက်တို့ ပြန်လည်လိုက်ပါလာကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)