နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၃၅) သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန် ဒီဇင်ဘာလ ၁၃

အရာထမ်းငယ်သင်တန်းအမှတ်စဉ်(၁၃၅)၏ သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့၀န်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)ရှိ စစ်ရေးပြကွင်းတွင် ယမန်နေ့ နံနက် ၈ နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းဆင်းတပ်ခွဲက မေက္ခချုပ် ဦးကျော်ထွေးအား အလေပြုပြီဆက်လက်၍ နိုင်ငံတော်အလံအား အလေးပြု ကြသည်။

သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားတွင် ပါမောက္ခချုပ်က သင်တန်းသားစံပြဆုကို သင်တန်းသားအမှတ်-၂၃၇ ဦးခန့်ဇော်ထက်၊ တောအုပ်ကြီး၊ သစ်တောဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအားလည်းကောင်း၊ သင်တန်းသူစံပြဆုကို သင်တန်းသူ အမှတ်-၁၃၂ ‌ဒေါ်ဖြူစင်ထက်၊ ဒုတိယဦးစီးမှူး၊ ကမာရွတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနအားလည်းကောင်း၊ စာပေထူးချွန်ဆုကို သင်တန်းသူအမှတ်-၃၅ ဒေါ်ငြိမ်းငြိမ်းသူ၊ နည်းပြ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနအားလည်းကောင်း၊ သေနတ်ပစ်ထူးချွန်ဆုကို သင်တန်းသားအမှတ်-၂၄၅ ဦးမင်းဟန်၊ ရေယာဉ်ဆက်သွယ်ထောက်ပံ့ရေးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအားလည်းကောင်း၊ စစ်ရေးပြထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကိုလည်းကောင်း ချီးမြှင့်ပေးခဲ့ပြီးနောက် သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင်  နိုင်ငံ့ဝန်ထမ်းများအနေနဲ့ အသိပညာ၊ အတတ်ပညာနှင့်ဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေရန်လိုအပ်ပြီး ပေးအပ်လာတဲ့တာဝန်များကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ တာဝန်ကျေပွန်အောင် ဆောင်ရွက်နိုင်တဲ့ ဝန်ထမ်းကောင်းများဖြစ်စေဖို့ ကြိုးစားသွားရန်လိုကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေနဲ့ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလတစ်လျှောက်လုံး မိမိတို့ရဲ့အလုပ်ရှင်ဟာ နိုင်ငံတော်နှင့် ပြည်သူများဖြစ်တယ်ဆိုတာကို မှတ်ယူထားကြရမှာဖြစ်သလို မိမိတို့ရရှိထားတဲ့ ရာထူးဆိုတာဟာလည်း လုပ်ပိုင်ခွင့်မဟုတ်ဘဲ တာဝန်ဟူ၍ ခံယူသွားကြရမှာဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဟာ ပြည်သူတွေကို ဝန်ဆောင်မှု ပေးရတဲ့သူများဖြစ်တဲ့အတွက် “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ဝန်ထမ်းများအနေနဲ့ ထိရောက်ထက်မြက်တဲ့ စီမံခန့်ခွဲမှု၊ လုပ်ငန်းတာဝန်ကျေပွန်မှု၊ ရည်မှန်းချက် ပန်းတိုင်ရောက်ရှိအောင် ကြိုးစားဆောင်ရွက်နိုင်မှု၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှုတို့ဖြင့် ပြည်သူ့အကျိုးကို ဖော်ဆောင်ပေးနိုင်တဲ့ နိုင်ငံ့ဝန်ထမ်းများဖြစ်အောင် အားထုတ်ကြိုးပမ်းသွားကြရန်နှင့် ဝန်ထမ်းဆိုတဲ့ကျင့်ဝတ်သိက္ခာကို လေးစားတန်ဖိုးထားပြီး  ဝန်ထမ်းတစ်ဦး တတ်သိကျွမ်းကျင်ရမည့် ပညာရပ်များကို အမြဲလေ့လာဆည်းပူးကာ နိုင်ငံနှင့်ပြည်သူ့ အကျိုးစီးပွားကို တာဝန်အရမဟုတ်ဘဲ စိတ်ရင်းစေတနာအရင်းခံဖြင့်   လုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ(ပညာဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား(၁၃၅)ဦး၊ သင်တန်းသူ(၁၈၀)ဦး၊ စုစုပေါင်း (၃၁၅)ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ၂၀-၁၀-၂၀၂၅  ရက်နေ့မှ ၁၂-၁၂-၂၀၂၅  ရက်နေ့ထိ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

အောင်မြင့်(ပြန်/ဆက်)