မင်းဘူး ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ် ကံကုလား-ကံသစ်-ကျောက်စ်ပုံ ကျေးရွာချင်းဆက်လမ်း မြေနီကျောက်စရစ်ခင်းခြင်း၊ ကံသစ်ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း၊ စက္ကရိုးနှင့် စကားရိုး ချောင်းနှစ်သွယ်အစုံ ချောင်းကူးသံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းဘူး (စကု) မြို့နယ် ကံသစ်-ကံကုလား-ကျောက်စစ်ပုံလမ်းမှ ပြည်ထောင်စုအထွေထွေပိုလျှံ ရန်ပုံငွေ ၁၅၃ ဒသမ ၆၂၅ သန်းဖြင့် လမ်းအရှည် (၅/၇) မိုင်၊ ထု ၄ လက်မ၊ အကျယ် ၁၈ ပေ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းနှင့် ကံသစ်ရွာတွင်းလမ်းအရှည် ၁၅၅၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ပြည်ထောင်စုအထွေထွေပိုလျှံ ရန်ပုံငွေ ၁၂၄ သန်းဖြင့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းခွင်များသို့ ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းပြီးစီးဆောင်ရွက်ခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက် ကြရန်မှာကြားခဲ့ပြီး ကျေးရွာတွင်းမှ ဒေသခံပြည်သူများအနေဖြင့် လမ်းအား ကောင်းမွန်စွာ ရည်ရှည်အသုံးပြုနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားကာ၊ ကျေးရွာပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မင်းဘူးမြို့ ဆည်မြောင်းဦးစီးဌာနမှ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု (အထွေထွေပိုလျှံ) ရန်ပုံငွေ ကျပ်သန်း ၂၅၀ ဖြင့် တာဝန်ယူ တည်ဆောက်လျက်ရှိသည့် စက္ကရိုးတံစက္ကရိုးတံတား အရှည် ၅၄ ပေ၊ ၆ လက်မ၊ အကျယ် ၁၄ ပေ၊ ရေလွတ်အမြင့် ၁၃ ပေရှိ သံကူကွန်ကရစ်တံတား တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး၊ ထိုသို့ လမ်းနှင့်တံတား တည်ဆောက်ခြင်းများဖြင့် မင်းဘူး (စကု) မြို့နယ်အတွင်း အိမ်ခြေပေါင်း ၁၃၀၅ အိမ်နှင့် လူဦးရေ ၅၄၃၇ ဦးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်၍ ကုန်ထုတ်ခြင်းလုပ်ငန်းများလည်း ပိုမိုကောင်းမွန်ကာ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း ပြောကြားသည်။
ဇေယျာနိုင်(ရွှေကန်မြေ)