ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာလာသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နေ့လည် ၂ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်က ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားရာတွင် “ထောက်ပံ့ငွေပေးအပ်ခြင်းကို  လစဥ်ယခုကဲ့သို့ပေးအပ်သွားမှာဖြစ်ကြောင်း၊ ထောက်ပံ့ငွေပေးအပ်ရာတွင်လည်း သတ်မှတ်အထောက်အထားစာရင်းဇယားများဖြင့် စနစ်တကျပေးအပ်သွားမှာဖြစ်ကြောင်း၊ ယာယီနေရပ်စွန့်ခွာပြည်သူများအနေဖြင့် မြို့နယ်အတွင်း သတ်မှတ်ချက်များနှင့်အညီ အေးချမ်းစွာနေထိုင်ကြရန်နှင့် မိသားစုများအားလုံးကျန်းမာရေး ဂရုပြုနေထိုင်ကြရန်စသည်ဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်နှင့်အဖွဲ့ဝင်များက အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာ သုံးလအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် ခြောက်သောင်းနှုန်းဖြင့် ယာယီ နေရပ်စွန့်ခွာပြည်သူ ၁၂၈ ဦးအား ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)