ကန့်ဘလူ ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဆောင်းသီးနှံစုံ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ မုန်ညင်း၊ နေကြာနှင့်ပန်းနှမ်းစသည့် သီးနှံစုံ ၂၀၁၁၄၉ ဧကကို ယခုနှစ် စက်တင်ဘာလက စတင်စိုက်ပျိုးခဲ့ရာ မြေပဲ ၈၇၈၁၂ ဧက၊ နှမ်း ၉၅၇၂၄ ဧက၊ မုန်ညင်း ၅၃၈ ဧက၊ နေကြာ ၁၉၃၀ ဧကနှင့်ပန်းနှမ်း ၃၄၅၄ ဧက စုစုပေါင်း ၁၈၉၄၅၈ ဧကစိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ ဆီထွက်သီးနှံစိုက်ပျိုးမှုက ကန့်ဘလူမြို့နယ်မှာ မိုးရာသီနဲ့ဆောင်းရာသီ သီးနှံတွေ စိုက်ပျိုးချိန်မှာ စိုက်ကြပါတယ်။ ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဆီထွက်သီးနှံစုံ ဧက နှစ်သိန်းကျော် စိုက်ပျိုးဖို့ လျာထားတဲ့နေရာမှာ နိုဝင်ဘာလကုန်အထိ တစ်သိန်းရှစ်သောင်းကျော် စိုက်ပျိုးပြီးစီးနေပါပြီ။ မြို့နယ်အတွင်း စားသုံးဆီဖူလုံစေဖို့ စိုက်ပျိုးရေးဦးစီးဌာနက ဘဏ္ဍာနှစ်အလိုက် ဆီထွက်သီးနှံအမျိုးအစားအလိုက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးနည်းပညာတွေ၊ ရိတ်သိမ်းချိန်လွန်နည်းပညာတွေကို ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ဆီထွက်သီးနှံများစိုက်ပျိုးနေခြင်းသည် မြို့နယ်အတွင်းသာမက ပြည်တွင်းရှိ စားသုံးသူများ ဆီဖူလုံမှုရှိစေရေးအတွက် စိုက်ပျိုးခြင်းဖြစ်ပါတယ် ” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်က ပြောသည်။
ကန့်ဘလူမြို့နယ်အတွင်း ဆောင်းသီးနှံများဖြစ်သည့် ဆီထွက်သီးနှံစုံလျာထားစိုက်ပျိုးမှုအနေဖြင့် မြေပဲ ၉၅၂၆၈ ဧက၊ နှမ်း ၉၆၇၁၆ ဧက၊ မုန်ညင်း ၅၆၃ ဧက၊ နေကြာ ၃၀၄၄ ဧကနှင့် ပန်းနှမ်း ၅၅၅၈ ဧက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)