တောင်ငူမြို့၌ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကျင်းပ

တောင်ငူ ဒီဇင်ဘာ ၁၃

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ် ဒီဇင်ဘာလအားလူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ စုပေါင်းဆောင်ရွက်လေ့ရှိရာ ယနေ့နံနက် ၅ နာရီခွဲက တောင်ငူမြို့၊ မိုင်ဒါကွင်း၌ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပခဲ့သည်။

တောင်ငူမြို့ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူမျာ စုစုပေါင်း (၁၇၀၀)ဦးခန့်သည် မိုင်ဒါကွင်း လွတ်လပ်ရေးကျောက်တိုင်စုရပ်မှစတင်၍  ရန်ကုန်-မန္တလေးလမ်းအတိုင်း မင်းကြီးညိုရုပ်ထုသို့ အေးချမ်းပျော်ရွှင်စွာ စုပေါင်းလမ်းလျှောက်ခဲ့​ကြပြီး မင်းကြီးညိုရုပ်ထုမှ ခရိုင်အားကစားကွင်းအတွင်းသို့ပြန်လည်ဝင်ရောက်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအစီအစဉ်များ၊ သူနာပြုသင်တန်းကျောင်း(တောင်ငူ)မှ ကျောင်းသူလေးများ၏ Physical Fitness Dance သရုပ်ပြသမှုအတိုင်း ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် လျှပ်တပြတ်အားကစားအဖြစ် အမျိုးသား၊ အမျိုးသမီး မီတာ (၁၀၀)၊ မီတာ (၇၅)နှင့် မီတာ (၅၀) အပြေးပြိုင်ပွဲနှင့် လွန်ဆွဲပွဲတို့ကိုကျင်းပခဲ့ပြီး ဒေသခံပြည်သူများက ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

တောင်ငူမြို့၌ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှဝန်ထမ်းများက ဒေသခံပြည်သူများအား အားကစားလှုပ်ရှားမှုများတွင် တက်ကြွစွာဆောင်ရွက်နိုင်ရေး လိုအပ်သည်များ စီစဥ်ဆောင်ရွက်ပေးလျက်ရှိပြီး ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်း လူထုစုပေါင်းလမ်းလျှောက်ပွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)