လှိုင်းဘွဲ ဇန်နဝါရီ ၁
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း) တွင် သာယာကုန်း ကျေးရွာအုပ်စု လက်ပံကုန်းကျေးရွာ လက်ပံဇာနည် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား ယနေ့ နံနက် ၈ နာရီအချိန်က အဆိုပါ ကွန်ကရစ်လမ်းပေါ်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက အဖွင့်အမှာစကားပြောကြားပြီး လက်ပံ ကုန်းကျေးရွာ ရပ်မိရပ်ဖ ဦးစောအဲဖရက်မှ ကျေးဇူးတင်စကားပြောကာ သာယာကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောရွှေဘော်မှ လမ်းဖွင့်ပွဲ အမှတ်တရ ကိတ်မုန့်လှီးခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ အနိုင်ရအရွေးချယ်ခံကိုယ်စားလှယ် ဒေါ်ဖြူစင်အိနှင့် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကွန်ကရစ်လမ်းသည် (အရှည် ၃၀၀၀ပေ x အကျယ် ၁၆ပေ x ထု ၆လက်မ) ဖြစ်ပြီး လူထုဗဟိုပြု စီမံကိန်းမှ ထောက်ပံ့ငွေ ၂၄,၄၅၀,၀၀၀ ကျပ်၊ လူထုထည့်ဝင်ငွေ ၁၀,၃၄၆,၁၀၀ ကျပ်တို့ဖြင့် လှိုင်းဘွဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွှန်မှု၊ လက်ထောက်နည်းပညာမှူး ဒေါ်ဝင်းဇာနည်ခိုင်၊ လူထုစည်းရုံးရေးမှူး စောသန်းကျော်လင်းတို့၏ အနီးကပ် ကြီးကြပ်မှူနှင့် ကျေးရွာသူ/ကျေးရွာသားတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် စတင်ခဲ့ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြီးစီးကြောင်း သိရသည်။ ကွန်ကရစ်လမ်း အောင်မြင်စွာ ပြီးမြောက်ခဲ့ခြင်းကြောင့် သာယာကုန်းကျေးရွာမှ အိမ်ထောင်စု ၂၂၂ စု၊ လူဦးရေ ၁၆၁၉ ဦးတို့၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများအတွက် သွား/လာရေး အဆင်ပြေလာပြီးဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)