ဂန့်ဂေါ ဇန်နဝါရီ ၁
မြစ်သာမြစ်သည် တောင်ဘက်အရပ်ဒေသမှ မြောက်ဘက်အရပ်ဒေသသို့ ဂန့်ဂေါမြို့နယ်ကိုအလျားလိုက် ဖြတ်သန်းစီးဆင်းပြီး ကျေးရွာများစွာသည် မြစ်ကမ်းဘေးတွင်ရှိနေရာ ရေနည်းချိန်ဖြစ်သည့် ဆောင်းကာလတွင် ဒေသနေပြည်သူ များသည် မြစ်ကမ်းဘေးကိုင်းမြေများ၌ မြစ်ရေကို စက်ဖြင့်စုပ်တင်၍ ဟင်းသီးဟင်းရွက်ခင်းများကို နှစ်စဉ်စိုက်ပျိုးကြသည်။
ထိုသို့စိုက်ပျိုးကြရာတွင် "စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းအောင်၊ သဘာဝပတ်ဝန်းကျင်နဲ့ ရေအရင်း အမြစ်ကို ထိခိုက်မှုလဲမရှိအောင် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ကွင်းဆင်းပြီး တောင်သူများနဲ့ တွေ့ဆုံပြီး တော့ အသိပညာ ပေးဆွေးနွေးခြင်းများ ဆောင်ရွက်ပါတယ်" ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြင့်ဇော်က ပြောသည်။
စိုက်ပျိုးကြသည့် သီးနှံအများစုမှာ ဆလပ်၊ မုံညှင်း၊ ဂေါ်ဖီထုပ်၊ ခရမ်း၊ ခရမ်းချဉ်၊ တိုင်ထောင်ပဲ စသည်တို့ဖြစ်ပြီး ပိုလျှံပါက မိသားစုဝင်ငွေအတွက် ရောင်းချကြသည်ဟု သိရသည်။
တောင်သားမောင်သန်း