ဝန်းသိုမြို့နယ်တွင် ရေလိုအပ်ချက်နည်းသည့် နွေစပါးစိုက်တောင်သူများအတွက် ရေအနည်းလို(၇)စပါးမျိုး ဖြန့်ဖြူးပေး

ဝန်းသို ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေအခက်အခဲရှိသည့် တောင်သူများ အဆင်ပြေစေရန် ရည်ရွယ်၍ လယ်ဧက (၁၀၀)အတွက် ရေအနည်းလို(၇)စပါးမျိုး တင်း(၁၀၀)ကို တောင်သူများအား ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ရေအနည်းလို(၇)စပါးမျိုးသည် စိုက်ပျိုးချိန်မှ ရက်ပေါင်း (၁၁၆)ရက်အတွင်း အောင်မြင်ဖြစ်ထွန်းနိုင်ခြင်းကြောင့် တောင်သူများ ရေလိုအပ်ချိန်အခက်အခဲကို အဆင်ပြေစေနိုင်သည့်အပြင် သွင်းရေရောက်ရှိမှု နည်းပါးသည့် ရေဖျားဒေသများ တွင်ပါ အောင်မြင်အောင် စိုက်ပျိုးနိုင်သည့် စပါးမျိုးဖြစ်သည့်အတွက် တောင်သူများအနေဖြင့် ရွေးချယ်စိုက်ပျိုးသင့်သည့် စပါးမျိုးတစ်ခုဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။

ဝန်းသိုမြို့နယ်တွင် ဆောင်းသီးနှံစုစုပေါင်း ၂၄၂၀၇ ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပြီး နွေစပါး သီးနှံစိုက် ဧက(၁၅၀၀) လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ နွေစပါး ၃၂၂ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)