တွံတေးမြို့နယ်၌ မွေးမြူရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တွံတေး ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တွံတေးမွေးမြူရေးဇုန် စီမံခန့်ခွဲရေးကော်မတီ (EC)ရုံး၌ တွံတေးမွေးမြူ‌‌ရေးဇုန်အတွင်း မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပက်သတ်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တွံတေးမွေးမြူရေးဇုန် အနီးကပ်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌမှ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအား ရှင်းလင်းပြောကြားခြင်း၊ မွေးမြူရေးလုပ်ငန်းရှင်များအား စနစ်တကျဆောင်ရွက်ကြရန်၊ မွေးမြူရာတွင်လည်း သတ်မှတ်ချက် ပြည့်မီကျော်လွန်အောင် တိုးချဲ့မွေးမြူဆောင်ရွက်သွားရန်၊ မွေးမြူရေးအဆောက်အဦးများ စနစ်တကျ တိုးချဲ့ဆောက်လုပ်ရန်၊ တိရစ္ဆာန်အစာပင်များ အကြားအလပ်မရှိ စိုက်ပျိုးဆောင်ရွက်ကြရန်၊ ဇုန်စိမ်းလန်းစိုပြည်ရေးနှင့် ဇီဝလုံခြုံရေးအတွက် စိုက်ပျိုးထားသည့် အရိပ်ရ မန်ဂျန်းရှားပင်များအား ထိန်းသိမ်းဆောင်ရွက်ကြရန်၊ ရေပေးဝေရေးကိစ္စရပ်များ၊ ဇုန် အပိုင်းအလိုက် လျှပ်စစ်မီးသွယ်တန်းရေး ကိစ္စရပ်များအား လုပ်ငန်းရှင်များမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ လုပ်ငန်းရှင်များမှ ဆွေးနွေးတင်ပြချက်အား သက်ဆိုင်ရာဌာနများမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တွံတေးမွေးမြူရေးဇုန် အနီးကပ်ကြီးကြပ်ရေးကော်မတီဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တွံတေးမွေးမြူရေး ဇုန်စီမံခန့်ခွဲရေးကော်မတီ (EC)ရုံးအဖွဲ့နှင့် မွေးမြူရေးလုပ်ငန်းရှင်(၈၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မျိုးလှိုင်